နေပြည်တော်၊ ဇူလိုင် ၂
စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းမျိုးစုံ သုံးပြီး စစ်သားစုဆောင်းနေတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရက စစ်မှုထမ်း ဖမ်းဆီးတာ မရှိဘူးလို့ ဒီကနေ့ ဇူလိုင် ၂ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ထပ်မံလိမ်ညာပါတယ်။
ပြည်သူ့စစ်မှုထမ်း ခေါင်းစဉ် အသုံးပြုပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံမှုအပေါ် တာဝန်ရှိသူတွေ ဖော်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
စစ်တပ် အသွင်ပြောင်း အစိုးရက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေနဲ့အညီသာ ဆောင်ရွက်လျက်ရှိပြီး ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ မရှိဘူးလို့ လိမ်လည်တာပါ။
မြေပြင်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းအတွက် လူငယ်တွေကို ပေါ်တာဆွဲတာ၊ အတင်းအဓမ္မ ဖမ်းဆီးတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်း ဖမ်းဆီးပြီး တပ်သားစုဆောင်းနေတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက် စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ် ၂၆ အထိ သင်တန်း ဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက် အနည်းဆုံး စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၁၃၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။
တဖက်မှာလည်း စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့ဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး မှတ်ပုံတင် အမည်စာရင်း သွင်းဖို့ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာ ဖြစ်ပါတယ်။
စစ်မှုထမ်း အမည်စာရင်း တင်သွင်းဖို့ ဆင့်ခေါ်ခံရသူတွေအနေနဲ့ မပျက်မကွက် သတင်းပို့ဖို့ ညွှန်ကြားထားပြီး ပျက်ကွက်ရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအနေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

