မော်လမြိုင် ၊ ဇူလိုင် ၂
စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ရက်ပေါင်း ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှုအပေါ် ငြင်းပယ်မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်ဖို့ ဖိအားပေးခြိမ်းခြောက်တဲ့ မူဝါဒတစ်ရပ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်ချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့အပေါ် လက်ရှိမှာ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးထားကြတာပါ။
ဒါပေမယ့် စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ခြင်း မရှိသေးတဲ့အပေါ် ဦးမင်းအောင်လှိုင်ရဲ့ မူဝါဒကို သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကနေ အသိပေးလာပါတယ်။
တိုင်းပြည်မဖွံ့ဖြိုးတာက မငြိမ်သက်မှုတွေနဲ့ စည်းလုံးညီညွတ်မှု မရှိတာတွေကြောင့်ဖြစ်လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ရဲ့သားနဲ့ မလာဘဲ ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိအောင် လုပ်မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားရမယ်ဆိုတာ သမ္မတရဲ့ မူဝါဒလို့ သူက ပြောဆိုခဲ့တာပါ။
ဒီလိုမျိုး ဖိအားပေးမှုတွေဟာ လက်ရှိမှာလည်း လုပ်ဆောင်နေတာဖြစ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးအပေါ် ယုံကြည်ဖို့ ခက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ရေးအရ နိုင်ငံရေးအရ ဖိအားပေးပြီးတော့မှ ကျွန်တော်တို့ကို အားလုံးဖြိုမယ်၊ နောက်ဆုံး မသက်သာတဲ့အဆုံး သူ့ရဲ့ ဗျူဟာအောက်ကို ဝင်ဖို့ဆိုတဲ့ ကမ်းလှမ်းမှုမျိုးဖြစ်နေတယ်။ အခုလည်း တစ်နိုင်ငံလုံးမှာ လေကြောင်းတွေရော ဒရုန်းတွေရော အကြီးအကျယ် (ဗုံးကြဲ) ချနေတာမို့ အဲဒါက (ငြိမ်းချမ်းရေးဖိတ်ခေါ်မှု) ယုံကြည်ဖို့ ခက်နေတယ်။နိုင်ငံရေးအရ ငြိမ်းချမ်းရေးကို ဗန်းပြပြီးတော့ အထဲထဲမှာ ကျွန်တော်တို့ကို စစ်အင်အားသုံးပြီးတော့ ဖြိုချနေတာမျိုး ဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ အယုံအကြည်တော့ မရှိနိုင်တာ အမှန်ပါပဲ”လို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက KIO ၊ KNU ၊ KNPP တို့နဲ့အတူ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ ပါဝင်နေကြတာပါ။
SCEF အနေနဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို အတည်ပြုထားပြီး အဲဒီထဲမှာ စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး စစ်တပ်နိုင်ငံရေးကနေ ပါဝင်မှုကို အဆုံးသတ်ဖို့ဆိုတဲ့အချက်ဟာ စစ်အစိုးရကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ ဖြစ်ပါတယ်။
တစ်ဘက်မှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ အပြောနဲ့လက်တွေ့ မကျတဲ့အတွက် အယုံအကြည်မရှိဘူးလို့ တုံ့ပြန်ထားကြတာပါ။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ကတော့ နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ရှင်းအောင်လုပ်ဖို့ လိုတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထပ်မံ ဖိတ်ခေါ်ခဲ့ပါသေးတယ်။
ငြိမ်းချမ်းရေးရဖို့ သူ့အနေနဲ့ ရတဲ့ လမ်းကြောင်းကနေ ရအောင်လုပ်မယ်လို့ ပြောပေမယ့် သူ့ရဲ့ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့မှုကြောင့် အကျိုးဆက်အနေနဲ့ ပေါ်ပေါက်လာတဲ့ PDF အဖွဲ့တွေကိုတော့ လက်နက်ချအလင်းဝင်ခိုင်းတာပါ။
PDF တွေဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ အဖွဲ့တွေဖြစ်လို့ ငြိမ်းချမ်းရေးရော လုံခြုံရေးအပိုင်းရော ဦးစားပေး ရှင်းမယ်လို့ ဦးမင်းအောင်လှိုင်ကိုယ်တိုင် အိန္ဒိယအခြေစိုက် သတင်းမီဒီယာတစ်ခုမှာ ထုတ်ပြောခဲ့ပြီး ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ပြီး စစ်မျက်နှာ လျှော့လိုပေမယ့် PDF တွေကိုတော့ ပြင်းပြင်းထန်ထန် နှိမ်နင်းလာနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ သုံးသပ်ပါတယ်။
“ရခိုင်နဲ့ ဆက်စပ်တဲ့ နယ်မြေတွေနဲ့ PDF တပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် ပြည်တွင်းစစ်ပုံစံနဲ့ အကြမ်းဖက်နှိမ်နင်းရေးပုံစံမျိုး ဖန်တီးပြီးခါမှ ဦးတည်ရန်သူအဖြစ် တိုက်ခိုက်လာမယ့် အနေအထားမျိုးပဲ။သူက NCA ငြိမ်းချမ်းရေးပြောပြီးခါမှ အပစ်ရပ်ပြီး စစ်မျက်နှာတွေ လျှော့လိုက်မှာပေါ့။ အဓိက တိုက်စစ်ဆင်မှာကတော့ PDF ပါပဲ။ ရခိုင်နဲ့ ချင်းကို ဖယ်လိုက်မယ်ဆိုရင် စစ်တပ်ရဲ့ အဓိက ရန်သူက PDF လို့ပဲ သူတို့က သတ်မှတ်ထားတာ ဖြစ်တယ်။ PDF ကို လက်နက်ချအလင်းဝင်ဖို့ပဲ ပြောတာ။ ငြိမ်းချမ်းရေးပြောမယ့်အနေထားမျိုးမှာ စာရင်းထဲကို ထည့်ပြီးတော့ကို မသွင်းတဲ့ အနေအထားပေါ့။တမင်သက်သက် နာမ်နှိပ်ထားတဲ့ အနေအထားမျိုးပဲ ရှိတယ်”လို့ ဆိုပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကိုက တိုက်ပွဲဖြစ်မယ့်အနေအထားမှာ စစ်တပ်ဘက်က ဝင်လာရင်တော့ တိုက်ထုတ်ဖို့ အသင့်အနေအထားပဲလို့ တုန့်ပြန်ပါတယ်။
ဒါ့အပြင် စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အပြောအဆို လုပ်ပုံလုပ်နည်းတွေဟာ လက်တွေ့မကျတဲ့အတွက် ဘယ်တော်လှန်ရေးတပ်ကမှ အယုံအကြည်မရှိဘူးလို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မင်းအောင်လှိုင်ကတော့ ရက် ၁၀၀ စီမံကိန်းအခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ PDF တွေကို ငြိမ်းချမ်းရေး လုပ်ရင်လုပ် မလုပ်ရင် လုံခြုံရေးအရ ရှင်းသွားမယ်ဆိုတဲ့အပေါ် ကျွန်တော်တို့ တော်လှန်ရေးတပ်တွေကို ဖိအားပေးခြိမ်းခြောက်တဲ့ ပုံစံပေါ့လေ။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့သူတစ်ယောက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမူအရာတွေ အခြေအနေတွေ လုပ်ပုံလုပ်နည်းတွေက အများကြီးရှိတာပေ့ါလေ။ ပါးစပ်ကတော့ ငြိမ်းချမ်းရေးစကားပြောပြီး နေ့တိုင်းလေယာဉ်ဗုံးကြဲ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ဟာ ဘယ်တော်လှန်ရေးတပ်ကမှ သူ့ရဲ့ အပြောအဆိုမှုအပေါ်မှာ ယုံကြည်မှု ရှိမလဲပေါ့နော်။အဲဒီလို ယုံကြည်မှု မရှိဘဲနဲ့ ငြိမ်းချမ်းရေးက ဘယ်လိုရနိုင်မှာလဲ။ ရဖို့ အလားအလာ အရမ်းဝေးတယ်လေ”လို့ ဆိုပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ရက် ၁၀၀ စီမံချက်ကာလအတွင်းသာမက အဲဒီကာလကို ကျော်လွန်သည့်တိုင် ဘယ်လက်နက်ကိုင်အဖွဲ့မဆို အလင်းဝင်လိုရင် လက်ခံကြိုဆိုသွားမယ်လို့ အသိပေးထားတာပါ။
၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၆ ခုနှစ် လက်ရှိအချိန်အထိ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင်ပေါင်း ၄၁၀၀ ကျော် ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရမှုကနေ ပြန်လည်လွတ်မြောက်လာသူတွေကို အမည်ပျက်စာရင်းမှာ ထည့်သွင်းထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ မရေးထိုးထားတဲ့ အဖွဲ့တွေအားလုံးကို ခွဲခြားမှုမရှိဘဲ ပါဝင်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားပြီး အားလုံးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် တတိယပတ်အတွင်း စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ မြောက်ပိုင်းက ‘ဝ’ အဖွဲ့ UWSA နဲ့ မိုင်းလားအဖွဲ့ NDAA တို့ကို သွားရောက်တွေ့ဆုံခဲ့မှုအပေါ် အခြားတိုင်းရင်းသားအဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
လက်ရှိမှာ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနဲ့ တရုတ်ခရီးစဉ်အတွင်း ဗျူဟာမြောက် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးအရ အာမခံချက်ပေးထားပြီး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်းတွေနဲ့ မြို့တွေကို ပြန်လည်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ ရက် ၁၀၀ စီမံချက်အလွန်မှာ စစ်တပ်က တိုက်ပွဲအရှိန်မြှင့်တင်လာနိုင်တဲ့ အနေအထားရှိတာမို့ PDF တွေ လှုပ်ရှားတဲ့ ဒေသတွေမှာ လက်နက်ခဲယမ်းစီးဆင်းမှုတွေကို ကန့်သတ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့အတူ ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

