မော်လမြိုင်၊ ဇူလိုင် ၂
မော်လမြိုင် – ရန်ကုန် နေ့ချင်းပြန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားခရီးစဉ်ကို ဇူလိုင် ၁ ရက်မှာ စတင်ပြေးဆွဲလိုက်ပြီလို့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ မြန်မာ့မီရထားထံကနေ သိရပါတယ်။
DEMU လူစီးအမြန်ရထား အမှတ် ၈၃ အဆန် ရန်ကုန် – မော်လမြိုင် ၊ အမှတ် ၈၄ အစုန် မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်ကို ဇူလိုင် ၁ ရက်နေ့မှာ စတင်လိုက်တာ ဖြစ်ပြီး ဖွင့်လှစ်ပွဲကိုတော့ ရန်ကုန်နဲ့ မော်လမြိုင်တို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အမှတ် ၈၃ အဆန် ရထားခရီးစဉ်အဖြစ် ရန်ကုန်ကနေ မနက် ၅ နာရီစတင် ထွက်ခွာမှာ ဖြစ်ပြီး မော်လမြိုင်ကို မနက် ၁၁ နာရီ ဆိုက်ရောက်မှာဖြစ်ကာ အမှတ် ၈၄ အစုန် ခရီးစဉ်အဖြစ် မော်လမြိုင်မှ နေ့လည် ၁၂ နာရီ စတင်ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်ကို ညနေ ၆ နာရီ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
အမှတ် ၈၃ အဆန် ၊ အမှတ် ၈၄ အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်း တစ်ဆိုင်းမှာ အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းမှာ ၇၂ ဦးနဲ့ ပထမတန်းမှာ ၂၄၀ ဦး၊ စုစုပေါင်း ၃၁၂ ဦး စီးနင်းလိုက်ပါနိုင်ပါတယ်။
လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ငွေကျပ် ၂၂,၀၀၀ နဲ့ ပထမတန်းအတွက် ငွေကျပ် ၁၆,၀၀၀ တို့ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံနဲ့ပေါင်ဘူတာတို့မှာ ရပ်တန့်ပေးမှာ ဖြစ်ပါတယ်။
အမှတ် ၈၃ အဆန် ၊ အမှတ် ၈၄ အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားခရီးစဉ်အတွက် ရထားလက်မှတ်တွေကို Online Railways Tacketing and Payment System (ORTP) စနစ်နဲ့ လက်မှတ်တွေ ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက်နဲ့ ကြားဘူတာတွေအတွက် ငါးရက်ကြိုတင်ဝယ်ယူရမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

