မြဝတီ၊ ဇူလိုင် ၂
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးဒေသမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ တစ်နေ့ကုန်နီးပါးအကြာ ဖြစ်ပွားနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းကစလို့ အာဏာသိမ်း စစ်တပ်က မင်းလက်ပံနဲ့ ဖလူးဒေသထဲကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ငယ်ကျည်တချို့ဟာ ထိုင်းနိုင်ငံဘက်ကို ကျရောက်ခဲ့ပြီး နေအိမ်နဲ့ ကားတချို့ကို ထိမှန်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ဖလူးနဲ့ မင်းလက်ပံနယ်မြေတကျောကို သိမ်းပိုက်နိုင်ဖို့အတွက် ၉ လကြာ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။
တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ အဲဒီနယ်မြေနှစ်ခုစလုံးကို သိမ်းပိုက်နိုင်ရေး ဇွန်လကုန်ပိုင်းအတွင်း မွန်ပြည်နယ်ကနေ ကရင်ပြည်နယ်ဘက်ကို အင်အား ထပ်မံပို့ဆောင်ထားတာ ဖြစ်ပါတယ်။
ဖလူးနဲ့ မင်းလက်ပံဒေသ ပြန်လည်သိမ်းယူနိုင်ရေး တိုက်ပွဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ၊ တိုးတက်သောဗုဒ္ဓသာသာကရင်အမျိုးသားတပ်မတော် DKBA ဗိုလ်ဘိတပ်ဖွဲ့တို့ကလည်း ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

