ဂျေရုဆလင်၊ ဇူလိုင် ၂
လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာမှာ သတ်မှတ်ထားတဲ့ လုံခြုံရေးဇုံတွေလို့ခေါ်တဲ့ နေရာတွေမှာ အစ္စရေးတပ်ဖွဲ့တွေ ဆက်ရှိနေမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၁ ရက်မှာ ပြောလိုက်ပါတယ်။
ဂျီဟတ်ဝါဒီ အကြမ်းဖက်တွေ ရန်ကနေ အစ္စရေး ဒေသခံတွေကို ကာကွယ်ရေး လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂါဇာရှိ လုံခြုံရေးဇုံတွေမှာ အစ္စရေး တပ်ဖွဲ့ဝင်တွေ နောက်ထပ် တစ်စုံတစ်ရာ အသိမပေးချင်းအထိ ဆက်ရှိနေမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ပြောတာပါ။
လက်ဘနွန်မှာ ၂၀၀၆ စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ အစ္စရေး စစ်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လုံခြုံရေး ဇုံတွေကနေ မိမိတို့ တပ်တွေ ဆုတ်ခွာမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်ကြား အမေရိကန် ကြားဝင်ညှိနှိုင်းပေးမှုနဲ့ မူဘောင်ဆိုင်ရာ သဘောတူညီချက် တစ်ရပ် ဇွန် ၂၆ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာကြောင့် နှစ်နိုင်ငံကြား ငြိမ်းချမ်းမှု ရရှိရေး လမ်းပွင့်သွားခဲ့ပါတယ်။
အဲဒီ သဘောတူညီမှုအတွင်း အီရန်ထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာကိုလည်း လက်နက် ဖြုတ်သိမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
ဝန်ကြီးချုပ် နေတန်ညာဟု အပါအဝင် အစ္စရေး အရာရှိတွေက လက်ဘနွန်တောင်ပိုင်းကနေ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရေး အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
အဲဒီ ဒေသမှာ အစ္စရေးတပ်တွေနဲ့ ဟစ်ဇဘိုလာ တပ်ဖွဲ့တွေ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ အတွင်း အီရန် ထိပ်တန်း ခေါင်းဆောင် သေဆုံးမှုအတွက် လက်စားပြန်ချေတဲ့အနေနဲ့ ဟစ်ဇဘိုဘာ အဖွဲ့က အစ္စရေးကို မတ်လ လဆန်းပိုင်းက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ပြီး အရှေ့အလယ်ပိုင်း စစ်ပွဲထဲ ဝင်ပါလာလာခဲ့ပါတယ်။
အစ္စရေးက လက်ဘနွန်တောင်ပိုင်းမှာ ကြီးမားတဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်မှုတွေနဲ့ တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
စစ်ပွဲ စတင်ပြီး နောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၃၀၀ နီးပါး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မတ်လ လဆန်းပိုင်းက တိုက်ခိုက်မှုတွေ စတင်ပြီး နောက်ပိုင်း လက်ဘနွန်မှာ မိမိတို့ စစ်သား ၃၈ ဦးနဲ့ အရပ်သား အလုပ်သမား တစ်ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောထားပါတယ်။
ဆီးရီးယားမှာ ကာလကြာရှိ အုပ်စိုးခဲ့တဲ့ သမ္မတ ဘာရှား အယ်လ်အာဆတ် ဖြုတ်ချခံပြီးနောက်ပိုင်းမှာ အစ္စရေးက ဆီးရီးယားနိုင်ငံတွင်းမှာလည်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
ဂါဇာမှာလည်း အစ္စရေးက နယ်မြေ ၇၀ ရာခိုင်နှုန်းလောက်ကို သိမ်းယူထား ပါတယ်။
Ref:AFP

