ဘန်ကောက်၊ ဇူလိုင် ၁
ထိုင်းနိုင်ငံ တောင်ဖက်စွန်း မလေးရှား နယ်စပ်ပြည်နယ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အဲဒီ ကိစ္စရပ်တွေကို ဖြေရှင်းရေး ထိုင်းဝန်ကြီးချုပ်က မလေးရှား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အဲဒီ ဒေသမှာ ကာလကြာရှည် ဖြစ်ပေါ်နေတဲ့ အုံကြွမှုအတွက် ပိုမို ခိုင်မာအားကောင်းတဲ့ ဖြေရှင်းချက်တွေ ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က မလေးရှား ခေါင်းဆောင်တွေနဲ့ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ယာလာ၊ ပတ္တာနီနဲ့ နရာသီဝတ် ခရိုင်တွေမှာ မကြာသေးခင်က ဗုံးခွဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ လက်ခံရရှိထားကြောင်း လက်ထောက်ဝန်ကြီးချုပ် ဖီဖတ် ရတ်ချာကစ်ပရာခန်က ပြောပါတယ်။
ကနဦး သတင်းပေးပို့ချက်တွေမှာ ခရိုင်နှစ်ခုမှာပဲ ဗုံးကွဲခဲ့တယ်လို့ ဆိုပေမယ့် နောက်ပိုင်းမှာ တတိယဒေသ တစ်ခုမှာလည်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှု ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေဟာ အဖွဲ့အစည်းအလိုက် လုပ်ဆောင်နေတာ ဖြစ်ပြီး ဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေတဲ့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက အခြေအနေကို ဖြေရှင်းရေး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာပါ။
တောင်ပိုင်း နယ်စပ်ဒေသတွေမှာ မတည်မငြိမ်မှုတွေနဲ့ PT ဓာတ်ဆီဆိုင်တွေ ဗုံးခွဲ တိုက်ခိုက်ခံရမှု ဆက်နွယ်နေတယ်လို့ ထိုင်း အရာရှိတွေက ယူဆထားပါတယ်။
အဲဒီ ဒေသတွေအတွင်း အရင်က ဓာတ်ဆီဆိုင်တွေ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေတွေနဲ့ အခု အခြေအနေ ဆင်တူနေတာကြောင့် သောင်းကျန်းသူတွေရဲ့ လက်ချက် ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးသူတွေက ယုံကြည်ထားပါတယ်။
ဒါပေမဲ့ အပြီးသတ် ကောက်ချက်မချခင် အရာရှိတွေက နောက်ထပ် အထောက်အထားတွေကို ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။
ဇူလိုင် ၉ ရက်ကနေ ၁၀ ရက်အတွင်း ထိုင်းဝန်ကြီးချုပ် အနုတင် မလေးရှားသို့ သွားရောက်မှာ ဖြစ်ပြီး အဲဒီ ကိစ္စတွေကို ပူးပေါင်း ဖြေရှင်းရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း လက်ထောက်ဝန်ကြီးချုပ် ဖီဖတ် ရတ်ချာကစ်ပရာခန်က ပြောဆိုထားပါတယ်။
Ref:Bangkokpost

