ဘေဂျင်း၊ ဇူလိုင် ၁
ဘေဂျင်းမြို့ရှိ အမြင့်မားဆုံး မိုးမျှော်တိုက်ဆီ လေယာဉ် အသေးစား တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့ပေမယ့် ဘယ်လိုဘယ်ပုံ ဖြစ်ပွားခဲ့တယ်ဆိုတာကို တရုတ်က သတင်းထိန်ချန်ထားခဲ့ပါတယ်။
ဇွန် ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ လေယာဉ် ပျက်ကျမှုအတွင်း လေယာဉ်ပေါ်မှာ တစ်ဦးတည်း ရှိနေသူ လေယာဉ်မှူး သေဆုံးခဲ့တဲ့အပြင် တခြားလူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။
အဲဒီ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်လို့ နိုင်ငံပိုင် Beijing Daily သတင်းဌာနကပဲ ဖော်ပြထားပြီး ကွန်မြူနစ်ပါတီ ဌာနချုပ် ကျုံးနန်ဟိုင်နဲ့ ကီလိုမီတာ အနည်းငယ်အကွာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် ၁၀၉ ထပ်ရှိ CITIC မျှော်စင် အဆောက်အဦမှာ အပေါက် တစ်ပေါက် ပေါက်သွားခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် အင်တာနက်ပေါ်မှာ ဖော်ပြခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပြန်ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။
အပေါ့စားလေယာဉ်များ ပျံသန်းခွင့်ကို ပိတ်ပင်လိုက်ကြောင်း လေကြောင်း ပျံသန်းရေး လုပ်ငန်း ၃ ခုထက်မနည်းက ပြောကြားပေမယ့် သူတို့အနေနဲ့ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ပြောပြခွင့် မရှိတဲ့အတွက် အသေးစိတ် မပြောလိုဘူးလို့ ဆိုပါတယ်။
သတင်းအချက်အလက် ထိန်ချန်ထားချိန်မှာ အဲဒီ လေယာဉ်ဟာ ကမ္ဘာပေါ်မှာ လေကြောင်း ထိန်းချုပ်မှု အတင်းကြပ်ဆုံး မြို့ထဲ ဘယ်လို ဝင်ရောက်လာသလဲဆိုတာနဲ့ ပတ်သက်လို့ လူအများ ပြောဆိုနေကြပါတယ်။
လေယာဉ် ပျက်ကျမှုနဲ့ ဆက်စပ်မှု မရှိတဲ့ အဲဒီ မိုးမျှော်တိုက် အဆောက်အဦပုံတွေကိုတောင် တရုတ် လူမှုမီဒီယာတွေပေါ်ကနေ ဖယ်ရှားနေပါတယ်။
တရုတ် ဝိုင် သင်္ဘော တစ်စီးလို ပုံသဏ္ဍာန်ရှိတဲ့ အဲဒီ အဆောက်အဦဟာ ဒေသခံတွေကြား လူကြိုက်များပါတယ်။
အများက ကံကောင်းစေတဲ့ အရာအဖြစ် မှတ်ယူထားကြပြီး လူငယ်တွေ စာမေးပွဲ ရလဒ်ကောင်းအောင် ဆုတောင်းလေ့ရှိတဲ့ အဆောက်အဦလည်း ဖြစ်ပါတယ်။
အဲဒီ လေယာဉ် ပျက်ကျမှုနဲ့ ပက်သက်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ကြဖို့ မိမိတို့ကို ညွှန်ကြားထားတယ်လို့ လေကြောင်း ပျံသန်းရေး လုပ်ငန်းအရာရှိတွေက ပြောထားပါတယ်။
ဘေဂျင်းက သူတို့ရဲ့ နိုင်ငံရေး ဌာနချုပ်တွေ တည်ရှိရာ တီယန်နန်မန် ရင်ပြင်နဲ့ ကျုံးနန်ဟိုင် ဒေသပေါ်မှာ စတုရန်းမိုင် ၃၉ မိုင်အထိ လုံးဝ လေယာဉ် မပျံသန်းရဇုန် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ နေထိုင် အလုပ်လုပ်ကြတဲ့ အဲဒီ နေရာတွေကို အစောင့်အကြပ် အများကြီး ချထားတာ ဖြစ်ပါတယ်။
ဘေဂျင်းက လုံခြုံရေး စိုးရိမ်ကြောင်း အကြောင်းပြချက်နဲ့ မကြာသေးခင်က မြို့တော်မှာ ဒရုန်း အသုံးပြုမှုဆိုင်ရာ ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး မြို့ထဲကို ဒရုန်း အသွင်းအထုတ် မလုပ်ခင် မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ သတ်မှတ်ခဲ့ ပါတယ်။
လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းဟာ လေယာဉ်မှူး အမှားကြောင့် ဒါမှမဟုတ် စက်ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်သလို တမင်တကာ ပျက်ကျစေခဲ့တာ လည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေး လေ့လာသူတွေက ပြောပါတယ်။
အဲဒီ လေယာဉ်ဟာ ထိုင်ခုံနှစ်ခုပါ အင်ဂျင်တစ်လုံးတည်း Aurora SA60L အမျိုးအစား ဖြစ်ပြီး တရုတ်ကုမ္ပဏီ Sunward Aircraft က ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အရှည် ၆ ဒသမ ၉ မီတာ ရှိပြီး တောင်ပံ အရှည် ၈ ဒသမ ၆ မီတာ ရှိတဲ့ အဲဒီ လေယာဉ်ဟာ အပန်းဖြေ ခရီးထွက်ဖို့ ဝေဟင်က ဓာတ်ပုံရိုက်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Ref:BBC

