ဝါရှင်တန်၊ ဇူလိုင် ၁

သမ္မတ ဒေါ်နယ်ထရန့်ဟာ ၂၀၂၅ ခုနှစ်အတွင်း သူ့ရဲ့ အွန်လိုင်းငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်တွေကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိခဲ့ကြောင်း အမေရိကန် အစိုးရဌာနဆိုင်ရာ ကျင့်ဝတ်ရုံးက ဇွန် ၃၀ ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

၁၉၇၈ ဥပဒေအရ အမေရိကန် သမ္မတတွေနဲ့ ဒုသမ္မတတွေဟာ သူတို့ရဲ့ ဝင်ငွေ အပြင် ပိုင်ဆိုင်မှုတွေကိုပါ ကြေညာဖို့ လိုတယ်လို့ သတ်မှတ်ထားပါတယ်။

စာမျက်နှာ ၉၀၀ ကျော် ပါဝင်တဲ့ ထုတ်ပြန်ချက်အတွင်း ထရန့်ဟာ World Liberty Financial လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဒေါ်လာ သန်း ၅၅၀ နီးပါး ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ အဲဒီ အွန်လိုင်း ငွေကြေး လုပ်ငန်းကို ထရန့် မိသားစုက ထောက်ပံ့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

World Liberty Financial လုပ်ငန်းက WLFI လို့ နာမည်ပေးထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အွန်လိုင်းငွေကြေးတွေ ထုတ်ပေးပြီး ကနဦး ရောင်းချမှုအတွင်း ဒေါ်လာ သန်း ၅၅၀ ရရှိခဲ့ပါတယ်။

ထရန့်နဲ့ သူ့ရဲ့ သား ၃ ဦးဟာ ကြားခံကုမ္ပဏီ ဖြစ်တဲ့ DT Marks Defi ကတဆင့် WLFI ငွေ ၂၂ ဒသမ ၅ သန်း လက်ခံရရှိခဲ့ပါသေးတယ်။

အဲဒီ အင်တာနက်ငွေ သို့မဟုတ် ဒီဂျစ်တယ် ငွေတွေရဲ့ လက်ရှိ ပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရှိပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလအတွင်း အဲဒီ လုပ်ငန်းက ကာလပေါက်ဈေး ဒေါ်လာ တန်ဖိုး အတိုင်း လဲပေးမယ်လို့ ကတိပြုထားတဲ့ ဒီဂျစ်တယ် ငွေးကြေး တစ်မျိုးကိုလည်း ထုတ်ပေးခဲ့ပါတယ်။

အွန်လိုင်း ငွေကြေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး ချမ်းသာ ကြွယ်ဝမှု သုံးဆ တိုးလာရတဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

၂၀၂၄ နဲ့ ၂၀၂၆ ကြားမှာ ထရန့်ရဲ့ ငွေကြေးချမ်းသာမှု ပမာဏဟာ ၂ ဒသမ ၃ ဘီလီယံကနေ ၆ ဒသမ ၅ ဘီလီယံအထိ တိုးလာခဲ့တယ်လို့ ဖို့ဘ်မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

အိမ်ရာမြေ လုပ်ငန်းရှင်ဟောင်း ထရန့်ဟာ အကျိုးစီးပွား ပဋိပက္ခရှိမှုနဲ့ ပတ်သက်လို့ ပုံမှန်ဆိုသလို စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

သူဟာ အွန်လိုင်းငွေကြေး လုပ်ငန်းနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေချိန်မှာ အဲဒီ လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ရုတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အွန်လိုင်းငွေကြေးတွေအပြင် ထရန့်ဟာ Coinbase ငွေလဲလှယ်ရေးလုပ်ငန်းလို ငွေကြေး လုပ်ငန်းတွေကလည်း ဒေါ်လာ သန်းပေါင်းများစွာ ရရှိခဲ့ပါတယ်။

သမ္မတရဲ့ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ သား ဒေါ်နယ် ထရန့် ဂျူနီယာ စီမံခန့်ခွဲနေတဲ့ ယုံကြည်မှုဆိုင်ရာ လုပ်ငန်း တစ်ခုက ထိန်းသိမ်းထားတာ ဖြစ်ပေမယ့် ဥပဒေအရ အဲဒီ လုပ်ငန်းကို အချိန်မရွေး ဖျက်သိမ်းနိုင်တယ်လို့ သတ်မှတ်ထားတာကြောင့် သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းကုန်ချိန်မှာ ဘီလျံနာ သူဌေးကြီးအနေနဲ့ ပိုင်ဆိုင်မှုအားလုံး ပြန်လည် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.