တောင်အာဖရိက ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင် ဆန္ဒပြပွဲအတွင်း လူ ၉၀၀ ကျော် ဖမ်းဆီးခံရ

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂

ဇွန် ၃၀ ရက်က တောင်အာဖရိက နိုင်ငံတဝှမ်း ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း လူ ၉၀၀ ကျော်ကို ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြသူ အများစုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမယ့် အကြိမ်များစွာမှာ အကြမ်းဖက်မှုတွေ ဈေးဆိုင်တွေကို လုယက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။

ချီတက် ဆန္ဒပြပွဲ ၁၂၀ အထိ ရှိခဲ့ပြီး ၁၀၈ ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပေမယ့် ဆန္ဒပြပွဲ ၁၂ ပွဲကို ရဲတပ်ဖွဲ့က ကြားဝင်ရှင်ခဲ့ရတယ်လို့ လက်ထောက် အမျိုးသား ရဲမှူးကြီး တီဘယ်လို မိုဆီကီလီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းအရင်းတွေထဲမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုကနေ အများပြည်သူဆိုင်ရာ အကြမ်းဖက်မှုတွေအထိ ပါဝင်နေပြီး အထောက်အထားမရှိတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို လက်ခံထားရှိမှုနဲ့ လုယက်မှုတွေလည်း ပါဝင်ပါတယ်။

ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရဲ့ အလက်ဇန်ဒရာ ဒေသမှာ ဇွန် ၃၀ ရက် ညနေပိုင်းက လူတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ရဲ့ သီးခြား ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဒေသမှာ နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ စပါဇာဆိုင်တွေလို့ ခေါ်တဲ့ တရားမဝင်ဆိုင်တွေကို ဒေသခံတွေက လုယက်ခဲ့ကြတာ ဖြစ်ပါတယ်။

အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူများ အားလုံး ထွက်ခွာသွားရေး ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။

နိုင်ငံတွင်း ပြည်နယ် ၅ ခုမှာ ရဲတပ်ဖွဲ့ဝင် အင်အား ဖြည့်တင်းချထားခဲ့ရပြီး ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ ဟေးလ်ဘရူး ရပ်ကွက်မှာ စစ်သားတွေတောင် ချထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရပ်ကွက်မှာ ပစ်ခတ် တိုက်ခိုက်မှုအတွင်း လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဆိပ်ကမ်းမြို့ ဒါဘမ်မှာ ဆန္ဒပြပွဲ အစနေ့က အဆောက်အဦ တစ်ခုရဲ့ ၈ လွှာကနေ ခုန်ချရင်း နိုင်ငံခြားသား တစ်ဦး သေဆုံးခဲ့ရပါတယ်။

သူဟာ ပစ်မှတ်ထားခံရတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိတာကြောင့် အဲဒီ ကိစ္စကို စတင် စုံစမ်း စစ်ဆေးနေပါတယ်။

အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တောင်အာဖရိကနိုင်ငံက ထွက်သွားရေး ဆန္ဒပြသူတွေက နောက်ဆုံးအချိန် သတ်မှတ်ဖို့ လုပ်ဆောင်ခဲ့ကြ ပါတယ်။

နိုင်ငံခြားသားတွေ သူတို့ရဲ့ နေအိမ်တွေကနေ မောင်းထုတ်ခံရပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ရတဲ့ လများစွာကြာ မငြိမ်မသက်မှုတွေ ဖြစ်ပြီးနောက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တောင်အာဖရိကမှာ နိုင်ငံခြားသားများကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.