၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ပဋိပက္ခကြောင့် သေဆုံးသူ ၁ သိန်းကျော် ရှိလာ

ရန်ကုန်၊ ဇွန် ၂

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ပြည်တွင်းစစ်အတွင်း လူ ၁ သိန်းကျော် သေဆုံးခဲ့ပြီး ၅ နှစ်နီးပါးကြာ တိုက်ခိုက်မှုတွေရဲ့ ဆိုးရွားလှတဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။

ပဋိပက္ခ စောင့်ကြည့်ရေး လက်နက်ကိုင် ပဋိပက္ခ တည်နေရာနဲ့ အခင်းအကျင်းဆိုင်ရာ အချက်အလက်အဖွဲ့ (ACLED) က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နောက်ပိုင်း ပဋိပက္ခနဲ့ ဆက်စပ်တဲ့ သေဆုံးသူ ၁၀၀၁၄၄ ဦး ရှိကြောင်း ဖော်ပြထား ပါတယ်။

သေဆုံးမှု စာရင်းနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ချက် မရှိပေမယ့် မြန်မာ ပြည်တွင်းစစ်ဟာ အာရှမှာ သေဆုံးမှု အများဆုံး ပဋိပက္ခ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပါလက်စတိုင်း ဒေသပြီးနောက် ကမ္ဘာမှာ ဒုတိယ ပဋိပက္ခ ထိခိုက်မှု အများဆုံး ဖြစ်ကြောင်း ACLED အဖွဲ့က ဆိုပါတယ်။

လက်နက်ကိုင် အဖွဲ့ ၁၂၀၀ ကျော် ပါဝင်နေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ ကမ္ဘာပေါ်မှာ ကွဲပြဲမှု အများဆုံး စစ်ပွဲ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

မြန်မာ့ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်ရသူ ၃ ဒသမ ၇ သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

လူ ၅ ဦးမှာ ၁ ဦးဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရပြီး စီးပွားရေး အခြေအနေကလည်း ဆက်လက် ဆိုးရွားလာနေပါတယ်။

တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲ ဖြစ်ပြီး မကြာခဏဆိုသလို လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်း ပမာဏနဲ့ ဖြစ်ပွားနေတာပါ။

၂၀၂၃ နောက်ပိုင်း ထိုးစစ်ဆင်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့တွေ နယ်မြေ အများအပြား သိသိသာသာ သိမ်းယူနိုင်ခဲ့ပေမယ့် လတ်တလောမှာ စစ်တပ်က တရုတ်ရဲ့ အကူအညီနဲ့ အရှိန်အဟုန် ကောင်းလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်ပွဲကြောင့် အိမ်နီးချင်း နိုင်ငံတွေမှာ ဒုက္ခသည် ပြဿနာလည်း ပိုမို ကြီးထွားလာနေပြီး နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေနဲ့ အွန်လိုင် လိမ်လည်မှုတွေလည်း ပိုမို များပြားလာနေပါတယ်။

Ref:Intellinews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.