မော်လမြိုင်၊ ဇွန် ၂၉

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ စစ်သားစုဆောင်းခံရသူ ၅၄၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က စစ်မှုထမ်း အပတ်စဉ် ၂၆ သင်တန်းတက်ရောက်မယ့် စစ်သားစုဆောင်းခံရသူတွေကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံ သင်တန်းကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံတွေအရ အခုလအတွင်း ဖွင့်လှစ်တဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၆ အတွက် မွန်ပြည်နယ်မှာ စစ်မှုထမ်း တပ်သားစုဆောင်းခံရသူ ၂၀၀ ထက်မနည်း ရှိပါတယ်။

စစ်မှုထမ်း စစ်သားစုဆောင်းခံရသူ အများစုဟာ အတင်းအဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းခိုင်းတာ၊ လူဌားရမ်းတာတွေနဲ့ ခေါ်ယူစုဆောင်းခံရသူတွေ ပါဝင်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်မှုထမ်း အပတ်စဉ် ၂၆ အတွက် စစ်မှုထမ်း စစ်သားစုဆောင်းခံရသူတွေဟာ လမ်းသွားလမ်းလာရင် အတင်းအဓမ္မဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံခဲ့ရတာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ဟာ ဒေသတွင်းရှိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို မှတ်ပုံတင် အမည်စာရင်း သွင်းဖို့ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာ ဖြစ်ပါတယ်။

စစ်မှုထမ်း အမည်စာရင်း တင်သွင်းဖို့ ဆင့်ခေါ်ခံရသူတွေအနေနဲ့ မပျက်မကွက် သတင်းပို့ဖို့ ညွှန်ကြားထားပြီး ပျက်ကွက်ရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအနေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်ခံရတာကြောင့် ဒေသတွင်း လူငယ်တချို့ဟာ စစ်မှုထမ်း ကင်းလွတ်ခွင့် လျှောက်ထားချိန်မရဘဲ တစ်ခါတည်း စစ်သားစုဆောင်းခံရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ အများစုဟာ သင်တန်းပြီးနောက် ရှေ့တန်းသို့ ချက်ချင်းပို့ဆောင်ခံရတာ၊ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အများအပြား ရှိနေပြီး နေအိမ် ပြန်နိုင်သူ အနည်းအကျဉ်းသာ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.