တနင်္သာရီ၊ ဇွန် ၂၉
တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ အခုလအတွင်း အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေအပါအဝင် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က တိုက်ပွဲမရှိဘဲ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုကို လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။
ဒါ့အပြင် ဇွန် ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဟိန္ဒားကျေးရွာအုပ်စုကို တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ပေါင် ၂၅၀ ဗုံး လေးလုံး ကြဲချသွားတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ သရက်ချောင်း၊ ပုလောနဲ့တနင်္သာရီမြို့နယ်တို့မှာ အခုလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။
အာဏာသိမ်း စစ်တပ် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ထပ်တိုးလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသလို စာသင်ကျောင်းအပါအဝင် နေအိမ် ဆယ်နဲ့ချီ ဆုံးရှုံးထားပါတတယ်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ကိုးသောင်းကျော်အထိ ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

