ကြာအင်းဆိပ်ကြီး၊ ဇွန် ၃၀
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကို ပြန်ရနိုင်ဖို့ အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀၀ ခန့်နဲ့ ဝိုင်းရံပိတ်ဆိုဖို့ပြုလုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အခု ဇွန်လ ဒုတိယအပတ်လောက်က စတင်ပြီး စစ်တပ် အဖွဲ့ဝင် အင်အား ၃၀၀ ကျော်လောက်ဟာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကနေတဆင့် ဘုရားသုံးဆူမြို့အနီး ဒေသအခေါ် မူဂျာဒိတ်ဆိုတဲ့နေရာမှာ ရောက်ရှိနေခဲ့တာပါ။
ဒါ့အပြင် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း၊ ရေး၊ သံဖြူဇရပ်တို့ကနေတဆင့် လမ်းကြောင်း ၃ ကြောင်း အသုံးပြုကာ ချီတက်နေသလို ရေးနဲ့သံဖြူဇရပ်က စစ်ကြောင်းတွေကတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေကိုဖြတ်ပြီး ဘုရားသုံးဆူကို ချီတက်နေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဘုရားသုံးဆူကို ပြန်သိမ်းဖို့ ကြိုးစားနေတဲ့သတင်းက မှန်ကန်ကြောင်းနဲ့ စုစည်းထားတဲ့ တပ်အင်အားတွေ တည်ဆောက်ထားတဲ့ ဘန်ကာ အသစ်တွေလည်း များပြားနေပြီလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းတချို့ကလည်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားတဲ့ ရွာတွေနားရောက်နေပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရေး၊ သံဖြူဇရပ်ဘက်ခြမ်းကနေ တက်လာတဲ့စစ်ကြောင်းတွေက ဝယ်ဇင်၊ ကမ်းနီရွာတွေအနားအထိ ရောက်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပြီး မွန်ပြည်သစ်ဘက်က လတ်တလော လက်မခံသေးတာကြောင့် အဲဒီ ဒေသတွေကနေ ဖြတ်ကျော်လို့ မရသေးဘူးလို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေအနားအထိ စစ်တပ်စစ်ကြောင်းရောက်နေတာကြောင့် စိုးရိမ်ကြောက်လန့်တဲ့ ဝယ်ဇင်၊ ဝယ်ပေါင်၊ ကျုံလောင်းရွာဟောင်း၊ ကျောင်မိကျောင်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဘုရားသုံးဆူမြို့ကို စစ်တပ်က တိုက်ခိုက်ပြီးပြန်ယူတာထက် မြို့ကို
ထိန်းချုပ်ထားတဲ့အဖွဲ့တွေထံကနေ မြို့ကိုအပျက်အစီးမရှိ အပေးအယူနဲ့ညှိနှိုင်းပြီး ပြန်ယူမယ့် အခြေအနေမှာ ရှိနေပါတယ်။
ဘုရားသုံးဆူမြို့ကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်း ထိန်းချုပ်ထားတာဖြစ်ပြီး ဘုရားသုံးဆူမြို့ကို ပြန်ပေးဖို့ စစ်တပ်က DKBA ထံ နှစ်ကြိမ်ထက်မနည်း တောင်းဆိုနေခဲ့တာပါ။
ဘုရားသုံးဆူမြို့နဲ့အနီးဝန်းကျင်မှာ DKBA၊ BGF၊ မွန်ပြည်သစ်ပါတီ၊ KNU၊ PDF အဖွဲ့တွေ သွားလာလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

