နေပြည်တော် ၊ ဇွန် ၂၇
ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ထပ်မံ ဖိတ်ခေါ်ပေမယ့် အာဆီယံဘုံသဘောတူညီချက်နဲ့ သွေဖယ်ပြီး မြန်မာ့အကျပ်အတည်းမှာ အဓိက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ချန်လှပ်ထားပြန်ပါတယ်။
နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ရှင်းအောင်လုပ်ဖို့ လိုတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ ဇွန် ၂၆ ရက်နေ့က ပြုလုပ်တဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တကယ် ငြိမ်းချမ်းရေးလိုချင်ရင် ရောက်လာလိမ့်မှာဖြစ်ပြီး ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီး အချိန်ဆွဲမှာဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က အပြစ်ဖို့ပါတယ်။
ငြိမ်းချမ်းရေးရဖို့ သူ့အနေနဲ့ ရတဲ့ လမ်းကြောင်းကနေ ရအောင်လုပ်မှာဖြစ်ပြီး တိုင်းပြည်ကို ကောင်းစေချင်တယ်လို့ ပြောပေမယ့် သူဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးဖို့ မဖိတ်ခေါ်ခဲ့ပါဘူး။
အပစ်ရပ်ထိုး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က နိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းတဲ့အခါ စကားပြောဖို့ လိုအပ်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းရလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့က ဒီနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ စကားမပြောမဖြစ် ပြောသင့်ပြောထိုက်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကတော့ ကျွန်တော်တို့ အမြဲတမ်းပြောပြောနေတဲ့ သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ အမှန်တကယ် လိုအပ်ပါတယ်။ သို့သော် စစချင်းမှာပဲ ကျွန်တော်တို့ လိုချင်သလောက် ရဖို့ကတော့ ခက်ပါတယ်။ အဲဒီကနေ ကျွန်တော်တို့ ထိတွေ့ဆက်ဆံစကားပြောလာနိုင်တဲ့ အခါကျရင် ဘယ်သူကတော့ သက်ဆိုင်သူဖြစ်တယ်၊ ဘယ်သူကတော့ သက်ဆိုင်သူမဖြစ်ဘူးဆိုတာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှုအခြေအနေပေါ်မှာပဲ ဒီပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ကျွန်တော်တို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ကနေ အသွင်ပြောင်းထားတဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဧပြီ ၂၀ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်ချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။
ဒီအပေါ် လက်ရှိမှာ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ စစ်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် PDF တွေ လူမျိုးစုအခြေပြု တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။
အကြောင်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အဖွဲ့အစည်းတွေကို နိုင်ငံရေးနည်းလမ်းအရ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာထက် လက်နက်ချအလင်းဝင်ဖို့နဲ့ စစ်ရေးနည်းလမ်းအရ အသွင်ပြောင်းစစ်အစိုးရက တုံ့ပြန်နေတာပါ။
PDF တွေဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ အဖွဲ့တွေဖြစ်လို့ ငြိမ်းချမ်းရေးရော လုံခြုံရေးအပိုင်းရော ဦးစားပေး ရှင်းမယ်လို့ ဦးမင်းအောင်လှိုင် ကိုယ်တိုင် အိန္ဒိယအခြေစိုက် သတင်းမီဒီယာတစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။
တစ်ဘက်မှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ အပြောနဲ့လက်တွေ့ မကျတဲ့အတွက် အယုံအကြည်မရှိဘူးလို့ တုံ့ပြန်ထားကြတာပါ။
အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဦးမင်းအောင်လှိုင်က ထပ်မံ ဖိတ်ခေါ်လာတဲ့အပေါ် ကြိုတင်ကန့်သတ်ချက်မထားဘူးလို့ ပြောပေမယ့် ဖြစ်နိုင်တာကိုပဲ ပြောဖို့ မဖြစ်နိုင်တာကို ပြောနေရင် ရမှာ မဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း ကြိုတင်ပြီး သတိပေးထားတာ ဖြစ်ပါတယ်။
ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက အားလုံးပါဝင်တဲ့ ဆွေးနွေးရေးကို စစ်တပ်ဘက်က ဘက်လောက် လက်ခံနိုင်သလဲဆိုတာ ပိုပြီး အရေးကြီးတယ်လို့ သံလွင်တိုင်းမ်ကို ဖြေကြားထားတာပါ။
ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်သူ အစုအဖွဲ့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် စစ်အစိုးရဘက်က အကောင်အထည်ဖော် လိုက်နာခြင်းမရှိခဲ့တဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဦးမင်းအောင်လှိုင်ကို အစည်းအဝေးတက်ရောက်ခွင့် ဒီကနေ့အထိ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က ဇွန် ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ အတည်ပြုခဲ့ပါတယ်။
အဆိုရှင်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီမှု မရှိတော့သလို အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံရဲ့ တန်းတူရည်တူ ရှိမှုကို ထိခိုက်စေတဲ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဆိုတဲ့ အာဆီယံရဲ့ အခြေခံမူနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်နေတာ မရှိပေမယ့် သံတမန်ရေးအရ စစ်အစိုးရက အာဆီယံကို ပိုလိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကြံ့ခိုင်ရေးနဲ့ စစ်တပ်ဘက်က ပြန်ပြီးတော့ ဒီဟာကို သုံးသပ်ဖို့ပြောလာတယ်။ တကယ်လည်း လုပ်မှ လုပ်မနေတာကြီး။ အဓိက အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီးတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှု ဖြစ်မနေဘူးလေ။အဲဒီလိုပဲ အကြမ်းဖက်မှုတွေ လျှော့ချဖို့ တစ်နိုင်ငံလုံး ပတ်ပြီး ဗုံးကြဲနေတာ အဲဒါလည်း (ရပ်ဆိုင်းဖို့) ဖြစ်မလာသေးဘူး။နောက်တစ်ခါ အရေးကြီးတဲ့ လူသားချင်းစာနာမှုအကူအညီပေးဖို့ အခုက ဖြတ်လေးဖြတ်လုပ်နေတာ။ဆိုလိုတက တကယ်တမ်း ဘုံသဘောတူညီချက် ၅ ချက် ရှိပေမယ့် တကယ်တမ်း အကောင်အထည်ဖော်နေတာလည်း ဘာမှ မရှိပါဘူး။ ဒါပေမယ့် သေချာပါတယ် သံတမန်ရေးအရတော့ မြန်မာက (စစ်အစိုးရ) အာဆီယံကို ပိုလိုပါတယ်”လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အာဆီယံအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးနဲ့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုကို လိုအပ်နေတာပါ။ အကြောင်းကတော့ မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ မူဝါဒဟာ အနောက်နိုင်ငံတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာလို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၁ ခုနှစ် ဧပြီနှောင်းပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံက ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အဲဒီအချိန်တုန်းက ဦးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့ပေမယ့် လက်တွေ့မှာတော့ လိုက်နာခြင်း မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေလအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကနေ အဲဒီဘုံသဘောတူညီချက် ၅ ရပ်ကသာ မြန်မာ့အရေးအတွက် အဓိကဖြေရှင်းရမယ့် မူဘောင်နဲ့ ကိုးကားချက်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်တွေက ထပ်မံအတည်ပြုထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

