ပေါင် ၊ ဇွန် ၂၇
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်ပိုင်ဆိုင်တဲ့ ပဒုမ္မာ ဆပ်ပြာစက်ရုံဟာ MSME ထူးချွန်ဆု ချီးမြှင့်ခံရတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။
ဇွန် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ အသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း MSME နေ့ အထိမ်းအမှတ် အဖြစ် စစ်တပ် အသွင်းပြောင်း အစိုးရက MSME ထူးချွန်ဆု ၁၁၉ ခု ပေးအပ်ခဲ့ပြီး အဲဒီထဲမှာ ပဒုမ္မာ ဆပ်ပြာစက်ရုံကို ထည့်သွင်းကာ ထူးချွန်ဆု ပေးအပ်ခဲ့တာပါ။
စစ်တပ် အသွင်းပြောင်း အစိုးရက ပေးတဲ့ MSME ထူးချွန်ဆုထဲမှာတော့ မွန်ပြည်နယ်က ထူး စက်မှုလက်မှု လုပ်ငန်း၊ ပဒုမ္မာ ဆပ်ပြာ စက်ရုံ၊ နု ရော်ဘာပြားကြိတ်လုပ်ငန်းနဲ့ ရွှေဇီဝ သဘာဝ မြေဩဇာ လုပ်ငန်းတို့ ထူးချွန်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ပိုင်း ပဒုမ္မာ ဆပ်ပြာ စက်ရုံကိုတော့ အလတ်စား လုပ်ငန်း အရွယ်အစား သတ်မှတ်ကာ ဆပ်ပြာခဲ၊ ဆပ်ပြာ အမှုန့်နဲ့ ဆပ်ပြာတုံး ထုတ်လုပ်နိုင်တဲ့အတွက် MSME ထူးချွန်ဆု ပေးအပ်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရဟာ MSME ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ဒေသအဆင့်၊ ပြည်ထောင်စုအဆင့်နဲ့ အာဆီယံအဆင့်ဆိုပြီး သတ်မှတ်ကျင်းပခဲ့ပြီး စစ်တပ်ပိုင် ပဒုမ္မာ ဆပ်ပြာ စက်ရုံဟာ ၂၀၂၅ ခုနှစ်အတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနဲ့ ပြိုင်ပွဲကနေ ထူးချွန်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်တစ်ဦး ကတော့ MSME ထူးချွန်ဆု ရွေးချယ်တာနဲ့ ပတ်သက်ပြီး ဘယ်လို ရွေးချယ်လဲဆိုတာ မသိရသလို ဒေသတွင်းမှာ MSME လုပ်ငန်းတွေ များစွာ ရှိပေမယ့် အခုလို စစ်တပ်ပိုင် စက်ရုံကို ရွေးချယ်တာဟာ စစ်အစိုးရရဲ့ လုပ်နေကြ အတိုင်း လုပ်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
စစ်တပ်ပိုင် ပဒုမ္မာ ဆပ်ပြာစက်ရုံကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်နေ့တုန်းက အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်တဲ့ လက်ရှိ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် လာရောက်ကြည့်ရှုစစ်ဆေးဖူးပါတယ်။
ပဒုမ္မာ ဆပ်ပြာစက်ရုံဟာ Padonmar အမှတ်တံဆိပ်နဲ့ အဝတ်လျှော်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာနဲ့ ဆပ်ပြာအမှုန့်တို့ကို ထုတ်လုပ်နေပြီး အဲဒီပစ္စည်းတွေကိုတော့ City Mall နဲ့ Shopping Center တွေမှာ တင်ပြီး ရောင်းချခိုင်းနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

