သထုံ၊ ဇွန် ၂၇
မွန်ပြည်နယ် သထုံမြို့နယ်မှတစ်ဆင့် ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီမြို့နယ်ဘက်သို့ ဦးတည်ပြီး စစ်တပ်ယာဉ်တန်းအများအပြား ထပ်မံပို့ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အရပ်သားကုန်တင်ကားပုံစံလို ဆင်တူအောင်ပြုလုပ်ထားပြီး တာလပတ်အမိုးအုပ်ထားတဲ့ စစ်တပ်ယာဉ်တန်းတွေဟာ ဇွန် ၂၆ ရက်နေ့က သထုံမြို့နယ်မှတဆင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်ဘက်ကို ဦးတည်ပြီး ထွက်ခွာသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီစစ်ယာဉ်တန်းတွေဟာ မြဝတီမြို့တောင်ဘက် ဖလူးနဲ့ မင်းလက်ပံနယ်မြေကို စစ်ကြောင်းထိုးဖို့အတွက် အင်အားပို့ဆောင်လာတာ ဖြစ်ပြီး ဖလူးနဲ့ မင်းလက်ပံနယ်မြေတွေကို သိမ်းပိုက်နိုင်ရေး စစ်တပ်က ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ခွဲထွက် DKBA အဖွဲ့နဲ့ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ကရင်ပြည်နယ်ထဲ ထပ်မံပို့ဆောင်လာတဲ့ စစ်တပ်ဖွဲ့ဟာ ဘယ်တပ်မ တပ်ရင်းလက်အောက်ခံအဖွဲ့ဆိုတာတော့ မသိရသေးဘူးလို့ ဆိုထားပါတယ်။
ခွဲထွက် DKBA အဖွဲ့ဟာ ကရင်ပြည်နယ် ဘားအံမြို့နယ် ကြာအင်းပေါ်တော်မူအထူးဒေသမှာ အခြေစိုက်ပြီး တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖြစ် အမည်ခံကာ ဒီအဖွဲ့ကို ဗိုလ်ဘိလို့ ခေါ်တဲ့ စောတိုင်းရွှေက ဦးစီးတာပါ။
ခွဲထွက် DKBA အဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းတဲ့ ကရင်အဖွဲ့ဖြစ်ပြီး ကျုံဒိုး-ကော့ကရိတ်စစ်ဆင်ရေး၊ ဖာပွန်စစ်ဆင်ရေးတွေမှာ စစ်တပ်နဲ့အတူ ကူညီတိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။
ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးရဲ့ အဆိုအရ ဗိုလ်ဘိရဲ့ ခွဲထွက် DKBA အဖွဲ့နဲ့အတူ ကရင်နယ်ခြားစောင့်တပ် BGF အမှတ် ၄ တပ်နယ် ဗိုလ်မှူးကြီးစောမို့သို ကွပ်ကဲတဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း စစ်တပ်ကို အကူအညီပေးပြီး ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
မြဝတီတောင်ဘက် ဖလူးနဲ့ မင်းလက်ပံနယ်မြေမှာ ရက်ပိုင်းတွေအတွင်း ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကျည်ဆံတချို့ဟာ ထိုင်းနိုင်ငံဘက် မဲ့ကိုကင်းရွာထဲ ကျရောက်ပြီး စာသင်ကျောင်းကို ထိမှန်ခဲ့တာကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ထားခဲ့ရကာ နယ်စပ်လုံခြုံရေးကို ထိုင်းစစ်တပ်က တင်းကြပ်စောင့်ကြည့်ထားပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ရက် ၁၀၀ စီမံချက်ကာလအတွင်း သိမ်းပိုက်ခံထားရတဲ့ ကရင်ပြည်နယ်က တပ်စခန်းတွေ ပြန်လည်ရယူနိုင်ရေးအတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

