မော်လမြိုင်၊ ဇွန် ၉

မွန်ပြည်နယ် မော်လမြိုင် – ရန်ကုန်ရထားလမ်းပိုင်းဖြစ်တဲ့ သိမ်ဇရပ်ဘူတာကနေ မော်လမြိုင်ဘူတာကြားရှိ ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေ လိုက်လံပိတ်သိမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကစလို့ မြန်မာ့မီးရထားဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်ပူးပေါင်းအဖွဲ့တွေဟာ ရထားလမ်းကူးနေရာတွေကို ခြံစည်းရိုးခတ်ကာရံပြီး လိုက်လံပိတ်သိမ်းနေတာပါ။

ရထားလမ်းကူးနေရာတွေ လိုက်လံပိတ်သိမ်းရတာဟာ လာမယ့် ဇူလိုင်လအတွင်း မော်လမြိုင် – ရန်ကုန်ရထားလမ်းပိုင်းမှာ မြန်နှုန်းမြင့် DEMU ရထား ပြေးဆွဲရေးအတွက် အန္တရာယ်ကင်းအောင် လုပ်ဆောင်တာလို့ မွန်ပြည်နယ် လျှပ်စစ်စွမ်းအင် စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးမင်းဇေယျာဦးက မနေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးအပြီးမှာ ဖြေကြားထားပါတယ်။

သိမ်ဇရပ်ဘူတာကနေ မော်လမြိုင်ဘူတာကြားမှာ ရထားလမ်းကူးနေရာ ၁၅၇ နေရာ ရှိနေပြီး အဲဒီထဲမှာ ၁၆ နေရာကိုသာ တရားဝင် ရထားလမ်းကူးနေရာတွေအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရားမဝင် ရထားလမ်းကူးနေရာတချို့ဟာ အများပြည်သူတွေ မဖြစ်မနေ အသုံးပြုဖု့ိ လိုအပ်ရင် လုံခြုံရေးဂိတ်တွေ ဖွင့်လှစ်ပေးသွားမယ်လို့ ဝန်ကြီး ဦးမင်းဇေယျာဦးက ပြောဆိုထားပါတယ်။

ရထားလမ်းကူးနေရာတွေ ပိတ်သိမ်းခံရတာကြောင့် ဒေသခံပြည်သူတွေ သွားရေးလာရေး အခက်ကြုံနေရပြီး လူအများစု သွားလာနေတဲ့ လမ်းပိုင်းတွေကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

မော်လမြိုင် – ရန်ကုန်ရထားလမ်းပိုင်းမှာ နှစ်စဉ် လမ်းဖြတ်ကူးမှုကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.