မော်လမြိုင် ၊ ဇွန် ၉
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်တွေအနေနဲ့ ထိုင်းကုန်ပစ္စည်းတွေ မသယ်ဆောင်ဖို့ စစ်အစိုးရ လက်အောက်ခံ ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီက သတိပေးထားတယ်လို့ ယာဉ်လိုင်း လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ယာဉ်လိုင်းတွေအနေနဲ့ တရားမဝင် ကုန်ပစ္စည်းတွေ သယ်ဆောင်နေတာကို စစ်ဆေးတွေ့ရှိရတဲ့ အတွက် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအရ ဇွန် ၅ ရက်နေ့ ရက်စွဲနဲ့ သတိပေးလာတာပါ။
ဒါ့အပြင် တရားမဝင် ထိုင်းကုန် ပစ္စည်းတွေ သယ်ဆောင်တဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်လိုင်း တာဝန်ခံ တွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်သလို တရားမဝင် ကုန်ပစ္စည်းတွေ သယ်ဆောင်ခြင်း မရှိအောင်လည်း ကြပ်မတ်သွားမယ်လို့ ဆိုပါတယ်။
ယာဉ်လိုင်း လုပ်ငန်းရှင် တစ်ဦးကတော့ ထိုင်းကုန် ပစ္စည်း သယ်ဆောင်ပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောပေမယ့် ဘယ်လို အရေးယူသွားမလဲဆိုတာကိုတော့ မသိရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကုန်စည် သတ်မှတ်ထားတာက ယိုးဒယား ပစ္စည်းတွေပေါ့။ပြည်တွင်းကုန်တော့ မဟုတ်ပါဘူး။ ယိုးဒယား ပစ္စည်း တင်တဲ့ ယာဉ်လိုင်းတွေ ကားတွေကိုပေါ့။တင်ဆောင်လို့ ရှိရင် စစ်ဆေး တွေ့ရှိတဲ့ အချိန်ကျရင် ထိထိရောက်ရောက် အရေးယူဖို့ပေါ့။ ဘယ်လို ပုံစံ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူမလဲဆိုတာတော့ ကျွန်တော်တို့ကလည်း မသိရဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အခြေအနေအရ မော်တော်ယာဉ်လိုင်း အများစုဟာ ခရီးသည်ထက် ကုန်ပစ္စည်းတွေကိုသာ အဓိကထား သယ်ဆောင် နေရတာ ဖြစ်ပြီး အခုလို ထိုင်းကုန် ပစ္စည်းတွေကို သယ်ဆောင်ခွင့် ပိတ်လိုက်တာကြောင့် အခက်တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းတွေဆိုပြီး သယ်ဆောင်ခွင့် မပြုတာကြောင့် ရန်ကုန်အပါအဝင် တခြား မြို့တွေမှာ ထိုင်းကုန် ပစ္စည်း ဈေးနှုန်းတွေ ထပ်ပြီး မြင့်တက်လာနိုင်တဲ့အပြင် ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ပါ ကြုံရနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
တဖက်မှာ စစ်အစိုးရ လက်အောက်ခံတွေကတော့ ဌာနဆိုင်ရာ အဖွဲ့စုံ ပူးပေါင်းပြီး ထိုင်းကုန်ပစ္စည်းတွေကို ပွဲရုံနဲ့ ကားဂိတ်တွေမှာ ဖမ်းဆီးတာ၊ မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးတာအပြင် ညောင်ခါးရှည်ဂိတ်မှာလည်း X-Ray စက်တွေနဲ့ ဖမ်းဆီးတာကအစ လုပ်ဆောင်နေတာပါ။
ထိုင်းကုန် ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်း ဆိုပြီး ဖမ်းဆီးတဲ့ နေရာမှာလည်း ကုန်ပစ္စည်း သိမ်းဆည်းတာ၊ ကုန်တင်ယာဉ်တွေကို သိမ်းဆည်းတာအပြင် ကုန်ပစ္စည်း သယ်ဆောင်သူတွေကိုပါ ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဟာ ထိုင်းကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းကို နယ်စပ်မှ တင်သွင်းပြီး အဲဒီကတစ်ဆင့် ရန်ကုန် အပါအဝင် တခြားမြို့ကြီးတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

