မော်လမြိုင် ၊ ဇွန် ၉
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် CRPH နဲ့ တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ K3C တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ဟာ လက်ရှိမှာ စစ်ရေးစုဖွဲ့မှုနဲ့အတူ သံတမန်ရေးမှာလည်း အရှိန်မြှင့်လာနေပါတယ်။
ပြီးခဲ့တဲ့ မေနှောင်းပိုင်းမှာ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ဇွန် ၅ ရက်နေ့မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၂၄ နိုင်ငံက ကိုယ်စားလှယ်တွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး သံတမန်ဆိုင်ရာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတွေ ပါဝင်သလဲဆိုတာ မဖော်ပြထားပါဘူး။
ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ်သာ သုံးသပ်လို့ မရကြောင်း SCEF ကိုယ်စားလှယ်တွေက ပြောကြားခဲ့တာပါ။
လက်ရှိမှာ မြန်မာနိုင်ငံဟာ နက်ရှိုင်းတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေပြီး အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ ချဉ်းကပ်အဖြေရှာဖို့ လိုအပ်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် အရပ်သားတွေ ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လက်လှမ်းမီ ရရှိရေး၊ နိုင်ငံရေး ပါဝင်မှုရဲ့ အရေးပါပုံတွေနဲ့ လက်ရှိအနေအထားအောက်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ရေး စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
အဲဒီရှင်းလင်းပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ အနာဂတ်ကို ဦးတည်နိုင်မယ့် လမ်းကြောင်းတွေပေါ်မှာ ဆက်လက်ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းလို့ SCEF က ဆိုပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က SCEF အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲအတွက် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံပြီး မူဝါဒရေးရာလမ်းကြောင်း ဖွင့်ထားဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။
“လက်ရှိက SCEF အနေနဲ့ရော NUG အနေနဲ့ရော မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက စစ်ရေးအင်အားချိန်ခွင်လျှာ အပြောင်းအလဲအတွက် တွေ့ဆုံရမယ့် နိုင်ငံတွေက အမျိုးစားနှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ နောက်တစ်မျိုးကတော့ ကမ္ဘာ့နိုင်ငံတွေပေါ့။ ဒေသတွင်းနိုင်ငံမှာတော့ အရှေ့တောင်အာရှရဲ့ အနောက်ဘက်အကျဆုံး နိုင်ငံဖြစ်တဲ့ တောင်အာရှဒေသနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ အင်အားအကြီးဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ ဒီနှစ်နိုင်ငံနဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံပြီးတော့ ပေါ်လစီရေးရာ ချန်နယ်ဖွင့်ထားဖို့ လိုတယ်”လို့ ဆိုပါတယ်။
အကြောင်းကတော့ အိန္ဒိယနိုင်ငံရဲ့ နယ်စပ်ဒေသဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့အတွက် အိန္ဒိယအစိုးရရဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပြဿနာမဖြစ်အောင် သံတမန်ရေးအရ ထိတွေ့ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းမြောက်ဒေသရဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပေါ် တရုတ်အစိုးရက ဩဇာလွှမ်းမိုးနေသလို နွေဦးတော်လှန်ရေးမှာလည်း တိုက်ရိုက်ဝင်ပါနေလို့ ဖြစ်ပါတယ်။
ဒါကြောင့် SCEF အနေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်မယ့် အာမခံချက်တွေ ပေးပြီး ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ထားနိုင်ရင် စစ်ရေးချိန်ခွင်လျှာကို တိုက်ရိုက်ပြောင်းလဲနိုင်တယ်လို့ ကိုမင်းသွေးသစ်က ထောက်ပြပါတယ်။
တစ်ဘက်မှာ ထိုင်းအစိုးရနဲ့ ပိုမိုနီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာနိုင်ရင် တနင်္သာရီ၊ ကရင်၊ ရှမ်းတောင်၊ ကရင်နီ စတဲ့ဒေသက တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးဟာ အထောက်အပံ့တစ်ခုဖြစ်လာနိုင်တယ်လို့ သူက အကြုံပြုပါတယ်။
စစ်ရေးစုဖွဲ့မှုနဲ့ ပတ်သက်ပြီး SCEF အနေနဲ့ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ခေါင်းဆောင် ၁၀ ဦးပါဝင်တဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားတာပါ။ အဲဒီကော်မတီမှာ CRPH ကလွဲရင် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားမဟာမိတ် လေးဖွဲ့တို့က စစ်ရေးခေါင်းဆောင် နှစ်ဦးစီ ပါဝင်ပါတယ်။
စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့က တိုက်ရိုက်ကွပ်ကဲတာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းမီဒီယာတွေကို ထုတ်ပြောထားတာပါ။
မူဝါဒရေးရာဦးဆောင်အဖွဲ့မှာတော့ NUG က ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးတို့ ပါဝင်ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်ရေးအစုအဖွဲ့ကနေ လက်တွေ့ကျတဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို တဆင့်ချင်း ဖော်ဆောင်သွားနိုင်ရင် စစ်ရေးပိုင်းမှာ အားသာလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်ရေးအစုအဖွဲ့ကနေပြီးတော့ ပိုပြီးတော့ လက်တွေ့ကျတဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေကို တဆင့်ချင်း ဖော်ဆောင်သွားနိုင်မယ်ဆိုရင် အများကြီး စစ်ရေးပိုင်းမှာ အားသာမှုတွေ ပြန်ရလာနိုင်တယ်။ အထူးသဖြင့် ကိုယ့်ရဲ့ စစ်ရေး အားသာချက် အားနည်းချက်တွေကို ပေါင်းစပ်ပြီးတော့မှ အဲဒါနဲ့ သင့်လျော်မယ့် ဟန်ချက်ညီတဲ့ စစ်နည်းဗျူဟာတွေကို တပ်ဖွဲ့ချင်းကြားမှာ ချိတ်ဆက်မှုရှိတဲ့ စစ်ရေးဗျူဟာတွေ တုန့်ပြန်ချမှတ်နိုင်ဖို့ လိုအပ်တယ်။ ဒါဆိုရင် တန်ပြန်ထိုးစစ် ပြင်ဆင်လာတဲ့ အာဏာသိမ်း စစ်တပ်ကို အထိနာအောင် တုန့်ပြန်တိုက်ခိုက်နိုင်မှာဖြစ်တယ်”လို့ ဆိုပါတယ်။
SCEF ဖွဲ့စည်းကြောင်း မတ်နှောင်းပိုင်းတုန်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ပိုမိုကျယ်ပြန်တဲ့ နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကလည်း SCEF ရဲ့ စုဖွဲ့မှုဟာ ၆ဖွဲ့နဲ့တင် မဟုတ်ဘဲ တော်လှန်ရေးနဲ့အတူ ရှိနေတဲ့ အင်အားစုတွေ ထပ်မံ တိုးချဲ့ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အသိပေးထားတာပါ။
ပြီးခဲ့တဲ့ မေလအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF က စစ်ကိုင်းနဲ့ မကွေးက ဖက်ဒရယ်ယူနစ်အစိုးရတွေ အပါအဝင် မန္တလေးဒေသက ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ အွန်လိုင်းမှာ တစ်ဖွဲ့ချင်းစီ တွေ့ဆုံခဲ့ကြပါတယ်။
SCEF အနေနဲ့ မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတာနဲ့အညီ မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် အဲဒီ ဒေသနဲ့ ယူနစ်တွေ ပါဝင်မှုနဲ့ ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အခြားသော တိုင်းရင်းသားအဖွဲ့အစည်းတွေ ERO တွေနဲ့ SCEF တို့ကြား လောဆယ်မှာ တွေ့ဆုံဆွေးနွေးတာမျိုးတွေ မတွေ့ရသေးပါဘူး။
SCEF ကတော့ စုပေါင်းနိုင်ငံရေး ပူးပေါင်းညှိနှိုင်းမှု၊ အားလုံးပါဝင်နိုင်မှု၊ တာဝန်ယူမှုရှိတဲ့ တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေနဲ့ မတူကွဲပြားမှုတွေကို ထင်ဟပ်တဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ထပ်မံ ကတိကဝတ်ပြုထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SCEF

