မြဝတီ၊ ဇွန် ၉
မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီမြို့မှာ စစ်ကော်မရှင်တပ်က ထိုင်းကုန်ပစ္စည်းတွေကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး အမှတ် ၂ တံတားမှာလည်း ထိုင်းသွင်းကုန်တွေကို ဝင်ရောက်ဖြတ်သန်းခွင့် မပေးသေးဘူးလို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရက် ၁၀၀ စီမံချက်ကာလမတိုင်ခင်က ကရင်ပြည်နယ် နယ်စပ်မြို့ မြဝတီနဲ့ ဘားအံ၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကော်မရှင်က နယ်စပ်ကနေ ဝင်ရောက်လာတဲ့ ထိုင်းကုန်တွေကို ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပြီး ရက် ၁၀၀ စီမံချက်ကာလမှာတော့ ထိုင်းကုန်တွေ ဖမ်းဆီးမှုက အရင်ကထက် ပိုပြီးများလာနေတယ်လို့ မြဝတီမြို့ခံတွေက ဆိုပါတယ်။
ရက် ၁၀၀ စီမံချက်ကာလမှာ မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ ထိုင်းကုန်တွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို စစ်ကော်မရှင်က ရှာဖွေစစ်ဆေး ဖမ်းဆီးနေပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ သွားလာနေတဲ့ ခရီးသည်တင်ယာဉ်တွေပေါ်ကနေ ထိုင်းကုန်တွေသယ်ဆောင်လာပါက ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
မြဝတီကနေ ဆင်းလာတဲ့ ခရီးသည်တင်ယာဉ်တွေကို ထိုင်းကုန်ပစ္စည်းပါမပါ စစ်ကော်မရှင်အဖွဲ့က ကုန်သွယ်ရေးဇုန်၊ ညီနောင်ဂိတ်၊ တံတားကျိုးဂိတ်၊ ဂျိုင်းတံတားဂိတ်၊ ကျားကလေးစစ်ဆေးဂိတ်နဲ့ ဘားအံမြို့က အဝင်အထွက် စစ်ဆေးရေးဂိတ်တွေအားလုံးမှာ ရှာဖွေစစ်ဆေးပြီး ထိုင်းကုန်တွေ သယ်ဆောင်လာပါက ဖမ်းဆီးသိမ်းဆည်းတဲ့အပြင် ဖမ်းဆီးမခံချင်ပါက ငွေကြေးအများအပြား ပေးဆောင်နေရတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ထိုင်းကုန်ဖမ်းဆီးတာတွေ ပိုပြီးလုပ်ဆောင်နေတာကြောင့် အများစုက ကရင်ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းနဲ့ သေ့ကတေ(ကြက်ဥတောင်)လမ်းတွေမှာသာ ထိုင်းကုန်တွေကို သယ်ဆောင်လာနေပြီး စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းသွားတာ ဒါမှမဟုတ် ငွေကြေးပေးပြီး ဖြတ်သန်းသွားလာနေရတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
နယ်စပ်ကုန်စည်ပို့ဆောင်ရေးမှာ အရေးပါတဲ့ လမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းနဲ့ ထိုင်း-မြန်မာ အမှတ် ၂ တံတားကို စစ်ကော်မရှင်က ပြန်လည်ဖွင့်ပေးထားပေမယ့် ကုန်စည်ပို့ဆောင်ရေးအတွက် မြန်မာဘက်ကနေ ပို့ကုန်ကိုသာ အဓိက တင်ပို့နေရပြီး ထိုင်းကနေ ဝင်ရောက်လာတဲ့ သွင်းကုန်တွေကျတော့ လတ်တလောအနေနဲ့ လိုင်စင်ချထားပေးခြင်းမရှိသေးတာကြောင့် ဝင်ရောက်ခွင့်မပြုဘူးလို့ မြဝတီမြို့ခံတစ်ဦးက ဆိုပါတယ်။
ထိုင်း-မြန်မာ အမှတ် ၂ တံတား ဖွင့်ပေးပြီး ၁ ပတ်ကျော်လာပေမယ့် စစ်ကော်မရှင်က ထိုင်းကုန်တွေ ဝင်ရောက်ခွင့်မပြုသေးတာကြောင့် ထိုင်းသွင်းကုန် ဝင်ရောက်လာခြင်းမရှိသေးဘဲ မြန်မာဘက်က ပို့ကုန်သာ ထိုင်းနိုင်ငံထဲကို ပို့ဆောင်ခဲ့တာကြောင့် မြဝတီမြို့က ကုန်သွယ်ရေးဇုန်မှာ ပို့ကုန်ပို့မယ့် ကုန်စည်ကားတွေအများအပြား တန်းစီနေတာတွေ့ရတယ်လို့ မြို့ခံတွေက ဆိုထားပါတယ်။
စစ်ကော်မရှင်ကတော့ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံကို ပို့ကုန်သွင်းကုန်တွေ ခွင့်ပြုထားရှိပြီး ပို့ကုန်အနေနဲ့ ပြောင်း၊ ထောပတ်သီး၊ ကွမ်းသီး၊ နနွင်းတက်နဲ့ ကြက်သွန်နီတွေ အများစုတင်ပို့လျက်ရှိကာ သွင်းကုန်အနေနဲ့ ထိုင်းဘတ် သန်း ၆၂၀ တန်ဖိုးရှိ သွင်းကုန်လိုင်စင်တွေ ခွင့်ပြုထားတယ်လို့ ဇွန် ၁ ရက်က ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

