လှိုင်းဘွဲ၊ ဇွန် ၆

ဗိုလ်ချုပ်စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF အသွင်းပြောင်း ကရင်အမျိုးသားတပ် KNA က အထူးတပ်ဖွဲ့(အမျိုးသမီးစစ်မေ) သင်တန်းသစ်ကို ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ KNA သတင်းရင်းမြစ်တွေထံက စုံစမ်းသိရှိရပါတယ်။

ကရင်အမျိုးသားတပ် KNA ဟာ ၂၀၂၆ နှစ်အစပိုင်း ဇန်နဝါရီ ၁ ရက်နေ့မှာ ကရင်နယ်ခြားစောင့်တပ် BGF ကနေ အသွင်ပြောင်းဖွဲ့စည်းလိုက်တာဖြစ်ပြီး အွန်လိုင်းငွေလိမ်လည်လုပ်ငန်း(ကျားဖြန့်)နဲ့ နာမည်ကျော်နေတဲ့ ဗိုလ်ချုပ်စောချစ်သူနဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းတို့က KNA တပ်ကို ဦးဆောင်နေတာဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်ချုပ်စောချစ်သူတို့ ဦးဆောင်တဲ့ KNA တပ်ဖွဲ့ဟာ ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာတွေက ဒေသခံလူငယ်လူရွယ်တွေကို တပ်သားသစ်အဖြစ် စစ်မှုထမ်းခေါ်ယူပြီး တပ်ဖွဲ့အင်အားကို တိုးချဲ့တည်ဆောက်နေခဲ့တာပါ။

KNA တပ်ဖွဲ့ဟာ စစ်မှုထမ်းခေါ်လာတဲ့ လူငယ်လူရွယ်တွေကို အခြေခံစစ်ပညာသင်တန်းတွေ အပတ်စဉ်အလိုက် လေ့ကျင့်ပေးခဲ့ပြီး အခြေခံစစ်ပညာသင်တန်းသာမက လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နည်းနဲ့ ဒရုန်းသင်တန်း စတာတွေ လေ့ကျင့်ပေးလျက်ရှိတာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ KNA တပ်ဖွဲ့ဝင်တွေအတွက် အခြေခံစစ်ပညာမွမ်းမံသင်တန်းကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကစပြီး ကရင်အမျိုးသားတပ် KNA ကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာမှာ ပြုလုပ်နေပြီး သင်တန်းသားအများအပြား တက်ရောက်နေတယ်လို့ KNA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

ဒါ့အပြင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးစစ်မေတွေအတွက် အထူးတပ်ဖွဲ့သင်တန်းသစ်ကို ဖွင့်လှစ်ဖို့ KNA က စီစဉ်ဆောင်ရွက်နေပြီး အဲဒီသင်တန်းမှာလည်း အမျိုးသမီးလူငယ်တွေအများအပြား ပါဝင်တက်ရောက်ဖို့ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

ကရင်အမျိုးသားတပ် KNA မှာ အမျိုးသမီးစစ်မေတွေ တာဝန်ထမ်းဆောင်ပေမယ့် အထူးတပ်ဖွဲ့ အမျိုးသမီးစစ်မေတွေကတော့ မရှိသေးဘဲ အခုအခါမှာ ပထမဆုံးအကြိမ်အဖြစ် စစ်သင်တန်းပေးသွားမှာဖြစ်ပါတယ်။

KNA ရဲ့ အထူးတပ်ဖွဲ့သင်တန်းမှာ အခြေခံစစ်ပညာကစပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်ကိုင်တွယ်နည်း၊ မြေပုံဖတ်နည်း၊ ဒရုန်းအသုံးပြုနည်း၊ ထောက်လှမ်းရေးဆိုင်ရာနည်းပညာ စတဲ့ စစ်ပညာရပ်တွေအပြင် နိုင်ငံရေးဘာသာရပ်၊ ကယ်ဆယ်ရေးဘာသာရပ်၊ ခေါင်းဆောင်မှုနဲ့ စည်းရုံးရေးဆိုင်ရာ ဘာသာရေတွေ လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်စောချစ်သူနဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းတို့ ဦးစီးဦးဆောင်တဲ့ KNA တပ်ဟာ BGF ကနေ ခွဲထွက်လိုက်ပြီး စစ်ကော်မရှင်တပ်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ မရှိပေမယ့် KNA မပြောင်းသေးတဲ့ လက်ကျန် BGF တပ်တွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်ရေးပူးပေါင်းမှုတွေ ဆက်ပြီးဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.