ကော့သောင်း၊ ဇွန် ၆
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ပိတ်ဆို့တိုက်ခိုက်ခံရ တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ ကော့သောင်းမြို့နယ် ခမောက်ကြီးတပ်နယ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ကစလို့ မလိဝမ်းဒေသနဲ့ မာရမ်းဒေသထဲကို စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းပတ်ထိုးနေတာပါ။
အဲဒီစစ်ကြောင်း သုံးကြောင်းအနက် အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းကို ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ ဒေသအခေါ် နံပါတ် ၂ ချောင်းဖျားနဲ့ မလိဝမ်းခဲမိုင်းအကြားမှာ တနင်္သာရီတိုင်း (ပကဖ) တိုက်ခိုက်ရေး တပ်ရင်းနဲ့ ကော့သောင်းမြို့နယ် ပကဖ တို့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။
ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်နာရီဝက်ကျော်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး ဗိုလ်မှူး တစ်ဦးအပါအဝင် ၁၄ ဦး ဒဏ်ရာရရှိပြီးနောက် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကော့သောင်းမြို့နယ်မှာ မိုးရာသီကာလအတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မေလကစလို့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

