မော်လမြိုင် ၊ ဇွန် ၆
နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငြိမ်းချမ်းရေးရော လုံခြုံရေးအပိုင်းမှာပါ ဦးစားပေး ရှင်းမယ်လို့ အာဏာသိမ်း စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
သမ္မတဖြစ်ချင်လို့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းတာတွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေကြောင့် PDF တွေ ပေါ်လာတာကို မျက်ကွယ်ပြုခဲ့သူက အိန္ဒိယခရီးစဉ်အတွင်း PDF နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာပါ။
PDF တွေဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ အဖွဲ့တွေလို့ ညွှန်းဆိုပြီး ငြိမ်းချမ်းရေးရော လုံခြုံရေးအပိုင်းရော ဦးစားပေး ရှင်းမယ်လို့ DD India နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဒါဟာ အသွင်ပြောင်းစစ်အစိုးရနဲ့ စစ်တပ်ထံ လက်နက်ချ အလင်းဝင်ခိုင်းပြီး အဲဒီလိုမှ မဟုတ်ရင် လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ရေးအရ အပြတ်ရှင်းမယ်ဆိုတဲ့ သဘောမျိုးလို့ နိုင်ငံရေးစစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က တိုင်းရင်းသားနယ်မြေတွေမှာ စစ်တပ်က စစ်မျက်နှာတွေကို ချုပ်ပြီး လျှော့ချလိုတဲ့အတွက် PDF တွေကို ဦးတည်ကာ မြေပြင်ဝေဟင် ပေါင်းစပ်အားနဲ့ စစ်ကြောင်းထိုးလာမယ့် အနေအထားလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီရက်ပေါင်း ၁၀၀ ရက်ရယ် ရက်ပေါင်း ၁၀၀ အလွန်ကာလတွေမှာရယ် ERO တွေနဲ့ ရသလောက် အဆက်ဖြတ်ပြီးတော့ နယ်စပ်ဒေသတွေကိုပါ ထိန်းချုပ်ပြီး စစ်တပ်ဘက်က စစ်ရေးနည်းအရ ပြင်းပြင်းထန်ထန် အရက်စက်ဆုံး သူက စစ်မျက်နှာတွေကို ချုပ်လိုတဲ့ အနေအထားမျိုး ရှိတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားဒေသတွေ ရခိုင်နဲ့ ချင်းပြည်တောင်ပိုင်းတော့ ဘယ်လိုလာမလဲမသိသေးဘူး။ အဲဒီဒေသတွေမပါ တိုင်းရင်းသားနယ်မြေတွေကို စစ်မျက်နှာချုပ်လိုက်ပြီး ဦးတည်ရန်သူ တော်လှန်ရေးတပ် PDF တွေကို ဦးစားပေးပြီး မြေပြင်ဝေဟင် အပြင်းထန်ဆုံး ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး စစ်ကြောင်းထိုးလာမယ့် အနေအထားမျိုးလို့ ကျွန်တော်ကတော့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီမှာ အာဏာသိမ်း စစ်အစိုးရက ဇူလိုင် ၃၁ ရက်နေ့မတိုင်ခင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့နဲ့ PDF တွေကိုတော့ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးမှာပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေဟာ စစ်တပ်နိုင်ငံရေးကနေ ပါဝင်မှုကို အဆုံးသတ်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စနစ်အပြောင်းအလဲကို ဦးတည်နေကြတာပါ။
စစ်အစိုးရကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လက်ခံယုံကြည်လာတဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့ဝင်တွေ ရာချီ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ ဆက်တိုက် ဝါဒဖြန့်နေတာ ဖြစ်ပါတယ်။
ဒီအပေါ် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေဘက်က ငြင်းဆိုထားကြတာရှိသလို တချို့ တပ်ဖွဲ့ဝင်တွေဟာ အသိမပေးဘဲ တပ်ကနေ ထွက်ပြေးတာ ကင်းကွာတာတွေရှိပေမယ့် စစ်အစိုးရက ဝါဒဖြန့်သလို စိုးရိမ်ရလောက်တဲ့ ပမာဏ မရှိဘူးလို့ ထုတ်ပြောထားကြတာပါ။
လေ့လာသူတွေကတော့ စစ်အစိုးရရဲ့ ဝါဒဖြန့်မှုဟာ တော်လှန်ရေးအဖွဲ့တွေကို သွေးခွဲသပ်လျှိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးဖြစ်သလို တစ်ဘက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထံ လက်နက်ချသူတွေ အနည်းအကျဉ်း ရှိကောင်းရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
တစ်ဘက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အခြေစိုက်တဲ့ တပ်စခန်းတွေ ဌာနချုပ်တွေ လှုပ်ရှားတဲ့ နယ်မြေတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပိုမိုလုပ်ဆောင်လာနေတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံခရိုင် တာဝန်ခံ ကိုအေးမင်းထွန်းက တော်လှန်ရေးအဖွဲ့တွေကို အရင်အတိုင်း တည်နေရာသိတာနဲ့ လေကြောင်းတိုက်ခိုက်နေတာမို့ စစ်ခေါင်းဆောင်ပြောဆိုချက်ဟာ ဘောင်မဝင်ဘူးလို့ တုံ့ပြန်ပါတယ်။
“တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တည်နေရာကိုလည်း အရင်ကအတိုင်းပဲလေ။ သိတာနဲ့ သူ ချက်ချင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာပဲ။ အချိန်တောင် မဆိုင်းဘူးပေါ့နော်။ လက်ရှိ အခြေအနေမှာလည်း သူလုပ်နေတာပဲ ဒါဆို ဟိုတလောက ရေးဘီလူးနေရာကို လုပ်တာပေါ့။ ဒါက သူ့ဘက်က ဘာမှ ငဲ့ကွက်တာ မရှိဘူး။ လုပ်တယ်။ အဲဒါကြောင့် သူပြောတဲ့ ရက် ၁၀၀ ပဲပြောပြော ရက် ၁၀၀၀ ပဲပြောပြော ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် ဘယ်လိုပဲ ဝါဒဖြန့်ဖြန့် ကျွန်တော်တို့ဘက်ကတော့ လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ။ သူပြောတဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအရ ရှင်းတယ်ဆိုတဲ့ စကားကတော့ ဘောင်မဝင်ဘူး”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့မှာ မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသရှိ ရေးဘီလူးအဖွဲ့ရဲ့ တပ်စခန်းဌာနချုပ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုခဲ့ကြောင့် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒါ့အပြင် ဇွန် ၃ ရက်နေ့မှာလည်း ရေးဘီလူးအဖွဲ့ရဲ့ စခန်းရှိနိုင်မယ့် နေရာလို့ ယူဆရတဲ့ ရေးချောင်းဖျားဒေသကို စစ်တပ်က ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၄၀ ကျော်အရွယ် ခြံလုပ်သား အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့တာပါ။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် မတ်လအထိ ၅ နှစ်တာအတွင်း စစ်တပ်က လူနေအိမ်တွေ အပါအဝင် ဘာသာရေး ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး ၇,၀၅၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် နိုင်ငံတဝန်းရှိ ၁၈၉ မြို့နယ်မှာ အရပ်သားသေဆုံးသူဦးရေ ၄၄၂၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၇၆၄၀ ကျော်ရှိခဲ့ပြီး စာသင်ကျောင်း ၂၅၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦး ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
လက်ရှိအချိန်အထိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားသွင်းဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအရ ရှင်းလင်းနေတာလားဆိုပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မေးခွန်းထုတ်ကြပါတယ်။
“ဒီဟာတွေက အပြောနဲ့အလုပ်က တခြားစီ ဖြစ်နေတယ်။ တစ်ဘက်မှာ ငြိမ်းချမ်းရေးလို့ ပြောတယ်။ နိုင်ငံတကာသံတမန်ရေးရာတွေမှာလည်း ငြိမ်းချမ်းရေးကိစ္စတွေ ပြောတယ်။ ဒါပေမယ့်လည်း တကယ်လုပ်တဲ့ လုပ်ရပ်တွေက စစ်ရာဇဝတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေဆဲပဲ ဖြစ်တယ်။ မြေပြင်မှာ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေက လေကြောင်းသာ မရှိလို့ရှိရင် ဘာမှ လုပ်နိုင်တဲ့ အနေအထားမျိုး မရှိနေဘူး။ တိုက်ခိုက်ရေးအားရော စိတ်ဓာတ်ပိုင်းဆိုင်ရာရော အရည်အချင်းပိုင်း ဆိုင်ရာမှာရော အစအစအရာရာ တော်လှန်ရေးဘက်က အဖွဲ့တွေက ပိုပြီးတော့ သာလွန်နေတဲ့ အနေအထားရှိတယ်ဆိုတာ အားလုံး အသိဖြစ်တယ်”လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့မှာ အာဏာသိမ်း သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေအဖြစ် စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ကြေညာထားတာပါ။
ဒီအပေါ် ဇွန် ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ အဲဒီမြို့နယ် ၆၀ ကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့ ဥပဒေရေးရာဝန်ကြီးနဲ့ ရှေ့နေချုပ် ဒေါက်တာ သီတာဦးက အဆိုတင်သွင်းခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်စား အဆိုတင်သွင်းခဲ့တာဖြစ်ပြီး တချို့ဒေသတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်လုပ်ဖို့ လိုအပ်နေသေးတယ်လို့ အကြောင်းပြထားတာပါ။
တစ်ဘက်မှာ ပြန်လည်ဖွဲ့စည်းထားတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့မှာ အာဏာသိမ်း သမ္မတက ဥက္ကဋ္ဌဖြစ်ပြီး တပ်ချုပ်ကို ဒုဥက္ကဋ္ဌ ၂ အဖြစ် အဆင့်လျှော့ချထားတာဟာ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို အလေးပေးထားတာ တွေ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

