ကိဗ်၊ ဇွန် ၅

စစ်ပွဲ အဆုံးသတ်ရေး ထပ်မံ ကြိုးပမ်းမှုအနေနဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရုရှား သမ္မတဆီကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ယူကရိန်း ခေါင်းဆောင်က ဥရောပ စစ်ပွဲကို အမေရိကန်က တခါပြန် အာရုံစိုက်လာတဲ့အချိန်အထိ စောင့်ဆိုင်းနေမယ်ဆိုရင် မှားသွားလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

ယူကရိန်းနဲ့ ရုရှားကြား တိုက်ရိုက် စေ့စပ်ဆွေးနွေးမှုက တစ်ဆင့်ပဲ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ ဇီလန်စကီးက အဲဒီ အိတ်ဖွင့် ပေးစားမှာ ရေးပါတယ်။

ညှိနှိုင်း ဆွေးနွေးဖို့ အဆိုပြုထားတဲ့ ကာလအတွင်း ရာနှုန်းပြည့် အပစ်အခတ် ရပ်စဲထားဖို့လည်း ဇီလန်စကီးက တိုက်တွန်းထားပြီး ပူတင်ကတော့ ဇွန် ၄ ရက် စောစောပိုင်းက အပစ်ရပ်ဖို့ ငြင်းဆိုထားပါတယ်။

ယူကရိန်းနဲ့ ရုရှား ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံဖြစ်ရင် ကောင်းလိမ့်မယ်လို့ ထင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇွန် ၄ ရက်မှာ ပြောထားပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာကို လက်ခံ ရရှိထားကြောင်း ကရင်မလင် နန်းတော်က အတည်ပြုထားပြီး ပူတင်ထံ ရှင်းပြထားတယ်လို့ ဆိုပါတယ်။

အဲဒီစာမှာ ရေးသားထားတဲ့ ပုံစံက အာခံတဲ့ပုံ ပေါက်နေပြီး ရုရှား နယ်နိမိတ်ထဲ ယူကရိန်းက မကြာသေးခင်က တိုက်ခိုက်မှုတွေကို အာရုံစိုက်အောင် ရေးသားထားသလို လှောင်ပြောင်တဲ့ ပုံစံမျိုးတောင် ရေးသားထားတာ ဖြစ်ပါတယ်။

ပူတင်အနေနဲ့ ၂၆ နှစ်ကြာအောင် အာဏာရလာပြီးနောက် အသက်အရွယ်ကို ထည့်တွက်ရတော့မှာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောထားပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး ပူတင်နဲ့ နှစ်ဦးသား ထိပ်တိုက် ဆွေးနွေးဖို့ ယူကရိန်း ခေါင်းဆောင်က တောင်းဆိုတာဟာ အခု ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

ကရင်မလင် နန်းတော်ကလည်း အရင်က တုံ့ပြန်ခဲ့သလိုပဲ မော်စကိုမှာ ပူတင်နဲ့ လာရောက်တွေ့ဆုံဖို့ ဇီလန်စကီးကို ကြိုဆိုတယ်လို့ ပြောထားပါတယ်။

လောလောဆယ်မှာ အမေရိကန်က အီရန်အရေးကို အပြည့်အဝ အာရုံစိုက်နေတယ်လို့ ယူကရိန်းက ပြောထားပါတယ်။

စိန့်ပီတာ စဘက်မြို့က ပြည်ပ သတင်းထောက်တွေကို ပြောကြားရာမှာ ပူတင်က သူ့အနေနဲ့ အသေအချာ ကြိုတင် ပြင်ဆင်ထားပြီး ယူကရိန်းနဲ့ သဘောတူညီမှု ရယူဖို့ ဆန္ဒရှိပေမယ့် လိုက်လျောမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ရုရှားက လက်ရှိ သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေတွေထက် ကျော်လွန်ပြီးတော့ သူတို့ကို အပိုင်ပေးဖို့ အရင်က တောင်းဆိုခဲ့ဖူးပါတယ်။

စိန့်ပီတာစဘက်မြို့မှာ ကျင်းပတဲ့ စီးပွားရေး ညီလာခံ ပြင်ပမှာ ပူတင်က ဇွန် ၄ ရက် ပြောကြားရာမှာ ထရန့်ဟာ အီရန်ကိစ္စနဲ့ အလုပ်ရှုပ်နေပြီး အီးယူအနေနဲ့ ဇီလန်စကီးကို နယ်မြေတွေ လက်လွှတ်ပေးဖို့ ပြောဆိုနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ရုရှား တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားတဲ့ နယ်မြေ လေးခုကနေ ယူကရိန်း တပ်တွေ ဆုတ်ခွာသင့်ကြောင်း ပူတင်က ပြောထားတာ ကြာပြီ ဖြစ်ပါတယ်။

ရုရှားဟာ ဒွန်းနက်ဇ်၊ လူးဟန့်ဇ်၊ ခါဆွန်၊ ဇာပိုရီဇာဟာ စတဲ့ ဒေသတွေကို တစ်စိတ် တစ်ပိုင်း သိမ်းထားပေမယ့် အပြီးတိုင် မသိမ်းနိုင်ဘဲ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီ ဒေသတွေကို ယူကရိန်း အနေနဲ့ ရုရှားလက်ထဲ ထိုးအပ်ပေးရမှာ ဖြစ်ပြီး နေတိုး အဖွဲ့ဝင် ဖြစ်ရေး ကြိုးပမ်းမှု ရပ်တန့်ရမယ်လို့ ရုရှားက တောင်းဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.