ဘန်ကောက်၊ ဇွန် ၅
ကမ္ဘောဒီးယားက ထိုင်းနယ်စပ်အနီးသို့ သံချပ်ကာကား အစီး ၂၀၀၊ ပုခုံးထမ်း လောင်ချာတွေနဲ့ စစ်သားတွေ အများအပြား ရွှေ့ပြောင်း ပို့ဆောင်ထားတယ်ဆိုတဲ့ လူမှုမီဒီယာပေါ်က ပြောဆိုချက်နဲ့ ပတ်သက်လို့ ထိုင်းတော်ဝင် စစ်တပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ရီချာ ဆက်ဆူဝါနမ်က ဇွန် ၅ ရက်မှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
နယ်စပ် တလျှောက်ရှိ စစ်တပ် တပ်ဖွဲ့တွေနဲ့ အတူ စစ်ဆေးရာမှာ အွန်လိုင်းပေါ် လူအများ ဝေမျှနေတဲ့ သတင်းအချက်အချက်နဲ့ ကိုက်ညီတာ တစ်ခုမှ မတွေ့ရဘူးလို့ ရီချာက အတည်ပြုခဲ့တာပါ။
အများပြည်သူအနေနဲ့ တရားဝင် သတင်းဌာနတွေက ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ လက်ခံ ယုံကြည်ကြဖို့ နားလည်မှု မလွဲမှားအောင် အွန်လိုင်းပေါ် တွေ့သမျှ သတင်းတွေကို တင်ကြို လက်မခံကြဖို့ ထိုင်းတော်ဝင် စစ်တပ်က သတိပေးထားပါတယ်။
ကောလဟလသတင်းတွေကြောင့် ကြောက်ရွံ့စိုးရိမ်နေစရာ မလိုဘဲ အဲဒီလို သတင်း အမှားတွေကြောင့် လုံခြုံရေးနဲ့ ပြည်သူလူထု စီစဉ်တကျ ရှိမှုကို ထိခိုက်နိုင်တယ်လို့လည်း ထိုင်း စစ်တပ်က ပြောပါတယ်။
နှစ်ပေါင်းများစွာကြာပြီ ဖြစ်တဲ့ နယ်စပ် အငြင်းပွားမှုကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ မကြာသေးခင် လပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နယ်စပ်မှာ လူပေါင်း သိန်းနဲ့ချီပြီး စစ်ဘေးရှောင်ခဲ့ရပါတယ်။
နှစ်နိုင်ငံကြား မလေးရှားရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ပေမယ့် တင်းမာမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပြီး လောလောဆယ် ရေပြင် အငြင်းပွားမှုကို ကမ္ဘောဒီးယားက ကုလသမဂ္ဂ ဥပဒေနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။
ထိုင်းကတော့ နှစ်နိုင်ငံ ရေပြင် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုကို နှစ်နိုင်ငံကြား ဖြေရှင်းသင့်တယ်လို့ ပြောဆိုထားပြီး ကြားနိုင်ငံ တစ်နိုင်ငံပါဝင်လာမှာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် ထိုင်းက ကျားဖြန့် နှိမ်နှင်းရေး အကြောင်းပြချက်နဲ့ ကမ္ဘောဒီးယား နယ်စပ်ရှိ ကာစီနိုနဲ့ အွန်လိုင်း လောင်းကစား အဆောက်အဦတွေကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးနေပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ကမ္ဘောဒီးယား ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကင်းလှည့်နေတဲ့ ထိုင်းစစ်သား တချို့ ဒဏ်ရာရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားက အသစ်စက်စက် ထောင်ထားတာဆိုတဲ့ မိုင်း အလုံးရေ ၂၀၀ ကျော်ကို ထိုင်းအရာရှိတွေက မီဒီယာရှေ့မှောက် ပြသခဲ့ပါတယ်။
နှစ်နိုင်ငံ ပြဿနာကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းနေထိုင်သူ အများအပြား နေရပ် ပြန်သွားခဲ့ရပြီး ထိုင်းမှာ နိုင်ငံခြားသား မုန်းတီးရေးနဲ့ အမျိုးသားရေး ဝါဒ ခေါင်းထောင်လာနေတယ်လို့လေ့လာသူတွေက ပြောပါတယ်။
Ref:The Nation

