အစ္စတန်ဘူလ်၊ ဇွန် ၅
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ဟောမု့ဇ် ရေလက်ကြားကို အိုမန်နဲ့ အီရန် ပူးပေါင်းပြီး နိုင်ငံတကာဥပဒေနဲ့အညီ စီမံခန့်ခွဲသွားမှာ ဖြစ်ကြောင်း ဇွန် ၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့လောင်စာ တင်ပို့မှု ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြား တစ်ဖက် တစ်ချက်မှာ ရှိနေတဲ့ အိုမန်နဲ့ အီရန်အနေနဲ့ အဲဒီ ရေလမ်းကြောင်းကို စီမံခန့်ခွဲရေး အခွင့်အရေး ရှိတယ်လို့ ဝန်ကြီး အာရက်ချီက ပြောပါတယ်။
အဲဒီ ရေလမ်းကြောင်းနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ အီရန်က အမြင်ချင်း ဖလှယ်သွားမယ်လို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ဒါပေမဲ့ ရေလမ်းကြောင်းစီမံအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အီရန်နဲ့ အိုမန်ကပဲ ချမှတ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတကာ ဥပဒေနဲ့အညီ ရေလက်ကြားကနေ သင်္ဘော အားလုံး ဘေးကင်းစွာ ဖြတ်သန်း နိုင်ရေး ရည်ရွယ်ပြီး လုပ်ဆောင်မှာ ဖြစ်ကြောင်း ဝန်ကြီး အာရက်ချီက ပြောပါတယ်။
အီရန် ခေါင်းဆောင်ပိုင်းကလည်း ကျယ်ပြန့်တဲ့ သဘောတူညီမှု ရှိပြီး နိုင်ငံ အရေးကိစ္စတွေကို ကောင်းမွန်တဲ့ ဦးတည်ရာဆီ ရောက်အောင် လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်နဲ့ စစ်ပွဲ အဆုံးသတ်ရေး အဆိုပြုထားတဲ့ သဘောတူညီချက်မှာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို အပြီးတိုင် စွန့်လွှတ်ရေး၊ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ပေးရေးစတဲ့ သတ်မှတ်ချက်တွေ ပါဝင်နေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန်အနေနဲ့ နျူကလီးယား လက်နက်တွေ လုံးဝ ပိုင်ဆိုင်ခွင့်မရှိဘူးလို့ ပြောထားပါတယ်။
အီရန်က ယူရေနီယံတွေ သန့်စင်မှုကို တိုးမြှင့် ထုတ်လုပ်နေတာကြောင့် အနောက်တိုင်းက တီဟီရန် အနေနဲ့ နျူကလီးယား ဗုံးထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ သံသယရှိနေတာ ဖြစ်ပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေး အတွက် ဖြစ်ပြီး လက်နက် ထုတ်လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ဆိုပေမယ့် သူတို့ရဲ့ ယူရေနီယံ သန့်စင်မှုက လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့် နီးနီး ဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားပြီး ပင်လယ်ကွေ့ နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကူဝိတ် လေဆိပ်ကို အီရန်က ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ကနဦးမှာ ဒေသတွင်းရှိ အမေရိကန် စစ်ရေး ပစ်မှတ်တွေလောက်ကိုပဲ အီရန်က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ အရပ်ဖက် ပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့တာပါ။
အိုမန်နဲ့ အီရန် ကြားမှာ ရှိတဲ့ ကျဉ်းမြောင်းတဲ့ ရေလက်ကြားဟာ ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ လောင်စာ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေတဲ့ လမ်းကြောင်း ဖြစ်ပြီး စစ်ပွဲ စတင်ပြီးနောက် ပိတ်မိနေတဲ့ သင်္ဘောတွေ ဖြတ်သန်းလို့ မရတဲ့ သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေ အများကြီး ရှိနေပါတယ်။
အဲဒီ ရေလက်ကြားကို ပိတ်ထားတာကြောင့် အမေရိကန်က အီရန် ဆိပ်ကမ်း အားလုံးကို ရေတပ်နဲ့ ပိတ်ဆို့ထားပါတယ်။
Ref:BERNAMA

