စင်ကာပူ၊ ဇွန် ၁
တိုကျိုအစိုးရဟာ စစ်ဝါဒီအသစ် အဖြစ်လာတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ဂျပန် ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရို ကိုအိဇူမိက မေ ၃၁ ရက်မှာ ပယ်ချလိုက်ပြီး တရုတ်က သူတို့ရဲ့ စစ်တပ်ကို ပွင့်လင်း မြင်သာမှု နည်းနည်းလေးနဲ့ အလျင်အမြန် အင်အားတိုးချဲ့နေတယ်လို့ ဝေဖန်လိုက်ပါတယ်။
ဒီလို အပြန်အလှန် စွပ်စွဲ ပြောဆိုမှုတွေက နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။
တရုတ်က သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မြင့်မားတဲ့ အတိုင်းအတာနဲ့ ဆက်လက် တိုးမြှင့်နေပါတယ်လို့ ဝန်ကြီး ကိုအိဇူမိက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ရှန်ဂရီလာ ညီလာခံမှာ ပြောပါတယ်။
တရုတ်ရဲ့ အပြင်ဖက်က ချဉ်းကပ်မှုနဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာ ဂျပန်အတွက် ပြင်းထန်တဲ့ စိုးရိမ်စရာ ပြဿနာတွေ ဖြစ်သလို တစ်ချိန်တည်းမှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်လည်း စိုးရိမ်စရာ ပြဿနာတွေ ဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက် ပြောဆိုပါတယ်။
ဂျပန်ဟာ စစ်ဝါဒီအသစ် ဖြစ်လာနေပြီလို့ တရုတ်က စောစောပိုင်းမှာ ဝေဖန်ခဲ့တာပါ။
တရုတ်ဟာ နျူကလီးယား လက်နက်တွေ အများကြီး ရှိတဲ့ လက်နက်တိုက်ကြီး တစ်ခုနဲ့ ဗျူဟာမြောက် ဗုံးကြဲ လေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဂျပန်မှာ အဲဒီလို လက်နက်တွေ တစ်ခုမှ မရှိသလို ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေလည်း မရှိတဲ့ အနေအထားမှာ ဂျပန်ကို စစ်ဝါဒီလို့ တံဆိပ်ကပ်တဲ့ အခြေအနေကို စဉ်းစားကြည့်ကြဖို့ ဝန်ကြီး ကူအိဇူမိက ဆိုတာပါ။
ဒီအခြေအနေကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ မှတ်တမ်းက ဖော်ပြနေပြီး နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာမှု ရှိသလို ကုလသမဂ္ဂ ပဋိညာဉ်ကိုလည်း ကတိပြုထားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဂျပန်က လွတ်လပ် ပွင့်လင်းတဲ့ နိုင်ငံတကာ အင်္ဂါစဉ်ကိုလည်း ထိန်းသိမ်းနေတယ်လို့ ကူအိဇူမိက တုံ့ပြန်ပါတယ်။
ဂျပန်ရဲ့ စစ်ဝါဒီ လက်သစ်အနေနဲ့ မဆင်မခြင် လုပ်ရပ်တွေကို အာရှ-ပစိဖိတ်နိုင်ငံတွေ သတိထားကြဖို့နဲ့ ပူးပေါင်း ခုခံကြဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မေလမှာ တိုက်တွန်းခဲ့ပါတယ်။
စင်ကာပူ ညီလာခံမှာပဲ တရုတ် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မန်း ရှင်းကျင်းက ဂျပန်ကို ဝေဖန်ခဲ့ပါတယ်။
အဆိပ်အတောက်ရှိတဲ့ စစ်ဝါဒ အမွေကို အသေအချာ မရှင်းလင်းရသေးတဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နိုင်ငံတကာ အခမ်းအနားတွေမှာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အကျယ်တဝင့် ဆွေးနွေးသင့်၊ မသင့်ဆိုတာကို မိမိအနေနဲ့ သံသယရှိမိကြောင်း မန်း ရှင်းကျင်းက ပြောပါတယ်။
ပြီးတော့ အဲဒီလို နိုင်ငံ တစ်နိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရထိုက်သလား အထူးသဖြင့် တစ်ခါက အဲဒီနိုင်ငံ ကျူးကျော် တိုက်ခိုက်ခဲ့ဖူးတဲ့ အာရှနိုင်ငံတွေရဲ့ ယုံကြည်မှုကို ရထိုက်သလားဆိုတာကိုလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မယ်ဆိုရင် ဂျပန်လည်း စစ်ရေးအရ ဝင်ပါရနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက နိုဝင်ဘာလအတွင်း သတိပေးခဲ့ပြီးနောက် ဂျပန်နဲ့တရုတ်ကြား ဆက်ဆံရေးဟာ နှစ်များစွာအတွင်း အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ ပါတယ်။
ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ ကိုယ်ပိုင်နယ်မြေ အဖြစ် မှတ်ယူထားပြီး တိုင်ပေ အစိုးရက ကန့်ကွက်ထားပါတယ်။
အာရှ ကာကွယ်ရေး ညီလာခံ ဖြစ်တဲ့ ရှန်ဂရီလာ ညီလာခံမှာ တရုတ် ကာကွယ်ရေးဝန်ကြီးနဲ့ မတွေ့ဆုံနိုင်ခဲ့တဲ့အတွက် ဝမ်းနည်းမိကြောင်း ကိုအိဇူမိက ပြောပါတယ်။
ဒါပေမဲ့ ဒေသဆိုင်ရာ တည်ငြိမ်ရေးအတွက် တရုတ် အပါအဝင် တခြား ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ဂျပန်က လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref:Asahi

