ဘန်ကောက်၊ ဇွန် ၁

အခုလမှာ ကျင်းပမယ့် ဖီဖာ ကမ္ဘာ့ဖလား မတိုင်ခင် ထိုင်းရဲတပ်ဖွဲ့က ဘောလုံးလောင်းကစား ဝက်ဘ်ဆိုက်တွေနဲ့ လူမှုမီဒီယာ ချန်နယ်တွေကို ပစ်မှတ်ထားပြီး အွန်လိုင်း လောင်းကစားကို အရှိန်မြှင့် နှိမ်နှင်းနေပါတယ်။

နည်းပညာ ရာဇဝတ်မှု နှိမ်နှင်းရေးစင်တာ လက်ထောက် ညွှန်ကြားရေးမှူး၊ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် ထရိုင်ရွမ် ပီပမ်က စုံစမ်းစစ်ဆေးရေး၊ ဖမ်းဆီးအရေးယူရေး၊ လောင်းကစား အွန်လိုင်း ချန်နယ်တွေကို တားဆီးရေး အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အွန်လိုင်း လောင်းကစားမှု ပုံစံအားလုံးကို နှိမ်နှင်းဖို့ ရဲမှူးချုပ်က ညွှန်ကြားထားတယ်လို့ ပြောဆိုပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နဲ့ ၂၀၂၆ ခုနှစ် မေလ ၂၀ ရက်ကြား ရဲတပ်ဖွဲ့က Facebook၊ Line နဲ့ TikTok အပါအဝင် အွန်လိုင်း ပလက်ဖောင်းတွေပေါ်က လောင်းကစားလုပ်ရပ်တွေနဲ့ ဆက်စပ်တဲ့ URL ၇၁၇၄၂၅ ခုကို တားမြစ်ခဲ့ပါတယ်။

လောင်းကစား ကွန်ရက်တွေကို တားဆီးရေး ဥပဒေစည်းကြပ်မှုတွေကိုလည်း ရဲတပ်ဖွဲ့က အရှိန်မြှင့် တင်ထားပါတယ်။

မေလနဲ့ဇွန်လကြား ဦးစားပေး စစ်ဆင်ရေး ပစ်မှတ်တွေအနေနဲ့ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက် ၃၀၉ ခုကို ဖော်ထုတ် ရှင်းလင်းခဲ့ပါတယ်။

ဖမ်းဝရမ်းတွေလည်း ထုတ်ပြန်ခဲ့ပြီး သံသယရှိသူ တချို့ကို ဖမ်းဆီးခဲ့သလို စုံစမ်းစစ်ဆေးရေးမှူးများက ဆက်စပ်ကွန်ရက်တွေကို ဆက်လက် တိုးချဲ့ စုံစမ်း စစ်ဆေးနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဘောလုံး လောင်းကစားကို အဓိက အာရုံစိုက် ရှင်းလင်းနေပြီး အွန်လိုင်း လောင်းကစားမှာ လူငယ်တွေ မပါဝင်အောင် စောင့်ကြည့်ဖို့ ကာကွယ်ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။

လောင်းကစားနဲ့ ဆက်စပ်တဲ့ ဖော်ပြချက်တွေကို ပိုပြီး မြန်မြန်ဆန်ဆန် တိတိကျကျ ဖော်ထုတ်နိုင်ရေး ထိုင်းရဲတပ်ဖွဲ့က ဉာဏ်ရည်တု နည်းပညာ အသုံးပြုနေပြီး လောင်းကစား လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ဝက်ဘ်ဆိုက်တွေနဲ့ လူမှုမီဒီယာ အကောင့်တွေကို မြန်မြန်ဆန်ဆန် အရေးယူ တားဆီးလာနိုင်တယ်လို့ ဒုရဲချုပ် ထရိုင်ရွမ် ပီပမ်က ပြောပါတယ်။

လောင်းကစား လုပ်ငန်းတွေကလည်း သမရိုးကျ အကောင့်တွေနဲ့ မလုပ်ကိုင်တော့ဘဲ နည်းပညာ ပိုမြင့်မားတဲ့ ဘဏ္ဍာရေး လမ်းကြောင်းတွေကို ရွေးချယ် အသုံးပြုလာကြတယ်လို့ သူက ပြောပါတယ်။

အွန်လိုင်း လောင်းကစား လုပ်ငန်းတွေဟာ လုပ်ငန်းစု အကောင့်တွေ၊ PayPal ဝန်ဆောင်မှုတွေ၊ နယ်စပ် ဖြတ်ကျော် ကြားခံကုမ္ပဏီတွေနဲ့ အင်တာနက် ငွေကြေးတွေ အပါအဝင် အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိဖို့ ခက်ခဲမယ့် နည်းလမ်းတွေကို အသုံးချလာကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းမှာ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ အရမ်းများပြားလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က နှိမ်နှင်းခဲ့ပေမယ့် အပြီးတိုင် ပျောက်ကွယ်သွားဖို့ ခက်ခဲနေပါတယ်။

အထူးသဖြင့် ကမ္ဘာ့ပြိုင်ပွဲကာလအတွင်း အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ လှုပ်ရှားမှု ပိုများလေ့ ရှိပြီး လောင်းကစား လုပ်သူတွေလည်း ပိုများလာလေ့ ရှိပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.