ဆိုးလ်၊ ဇွန် ၁

တောင်ကိုရီးယား ကာကွယ်ရေးလုပ်ငန်း Hanwha Aerospace က ဖွင့်လှစ်ထားတဲ့ စက်ရုံ တစ်ရုံမှာ ဇွန် ၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ မီးသတ်အရာရှိတွေက ပြောပါတယ်။

ဆိုးလ်မြို့တောင်ဖက် ကီလိုမီတာ ၁၅၀ လောက်အကွာ ဒေဂျွန်မြို့ရှိ Hanwha ကုမ္ပဏီပိုင် စက်ရုံမှာ မနက် ၁၁ နာရီ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း အာဏာပိုင်တွေ သတင်းရရှိခဲ့တာ ဖြစ်ပါတယ်။

ဒေဂျွန် မီးသတ်ဌာနချုပ် ကိုယ်စားလှယ် တစ်ဦးက လူ ၅ ဦး စသဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း အေအက်ဖ်ပီ သတင်းဌာနကို အတည်ပြုထားပါတယ်။

ဆိုးဆိုးရွားရွား လောင်ကျွမ်းဒဏ်ရာရထားသူ တစ်ယောက် အပါအဝင် အသက်ရှင်သူ နှစ်ဦးဟာ အဲဒီ စက်ရုံကနေ သူတို့ဘာသာသူတို့ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်တယ်လို့ မီးသတ် အရာရှိတစ်ဦးက ပြောပါတယ်။

အလောင်းတွေဟာ တော်တော်ကြီး ပျက်စီးသွားတာကြောင့် သေဆုံးသူတွေ ဘယ်သူတွေ ဖြစ်ကြောင်း အာဏာပိုင်တွေ မဖော်ထုတ်ရသေးဘူးလို့ ကျန်းမာရေး အရာရှိ တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပေမယ့် ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း မီးသတ် အရာရှိတစ်ဦးက ဖြည့်စွက် ပြောဆိုပါတယ်။

အဲဒီ စက်ရုံရဲ့ ဖွဲ့စည်း တည်ဆောက်ထားပုံကို နိုင်ငံတော် လုံခြုံရေး ဥပဒေအရ ကာကွယ်ပေးထားတာကြောင့် အာဏာပိုင်တွေ တောင်းခံလို့ မရ ဖြစ်နေခဲ့တယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အရာရှိ တစ်ဦးက ပြောပါတယ်။

Hanwha Aerospace ဟာ လက်နက်တွေ၊ လက်နက်ကြီး စနစ်တွေနဲ့ လေယာဉ် အစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ တောင်ကိုရီးယား အဓိက ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။

ဒေဂျွန်ရှိ Hanwha Aerospace စက်ရုံကတော့ အဆင့်မြင့် လက်နက် နည်းပညာတွေ၊ လေကြောင်းနဲ့ ဆက်စပ်တဲ့ စနစ်တွေ အပါအဝင် သုတေသနနဲ့ တီထွင်မှုတို့ကို အဓိထားပြီး ကြီးမားတဲ့ တွန်းကန်အား အင်ဂျင်တွေထုတ်လုပ်ပြီး ရော့ကတ်ပစ် ကိရိယာတွေကို ကိုင်တွယ် ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

Source:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.