ဘေဂျင်း၊ ဇွန် ၁
တရုတ် ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာ၊ အချက်အလက်ဒေတာတွေနဲ့ နိုင်ငံတော် လုံခြုံရေး ပါဝင်တဲ့ ပြည်ပ သဘောတူညီမှုတွေကို ပိုမို တင်းကြပ်စွာ ထိန်းချုပ်ရေး တရုတ် အစိုးရက ကျယ်ပြန့်တဲ့ ဥပဒေအသစ်တွေကို ဇွန် ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
AI လုပ်ငန်းသစ် Manus ကို Meta ကုမ္ပဏီက ဝယ်ယူမယ့် အစီအစဉ် ဖျက်သိမ်းရေး ဘေဂျင်းက ညွှန်ကြားခဲ့ပြီးနောက် တစ်လအကြာမှာ အဲဒီ ဥပဒေတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နိုင်ငံတော်ကောင်စီ ဒါမှမဟုတ် အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ အဲဒီ ဥပဒေတွေဟာ ဇူလိုင် ၁ ရက်က စလို့ အသက်ဝင်မှာ ဖြစ်ပါတယ်။
အထင်ရှားဆုံး ပုဒ်မတွေထဲက တစ်ခုကတော့ တားမြစ်ထားတဲ့ တရုတ် ထုတ်ကုန်တွေ၊ နည်းပညာတွေ၊ ဝန်ဆောင်မှုတွေ ဒါမှမဟုတ် ဆက်စပ် အချက်အလက် ဒေတာတွေကို တင်ပို့ရေး ခွင့်ပြုချက်လိုအပ်တဲ့ ပုဒ်မပဲ ဖြစ်ပါတယ်။
တရုတ် နည်းပညာနဲ့ AI တို့လို အတိမ်းအစောင်း မခံနိုင်တဲ့ ကဏ္ဍတွေမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် မလိုက်နာရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကို အခု ဥပဒေသစ်တွေက မီးမောင်းထိုးပြထားပါတယ်။
Meta-Manus သဘောတူညီမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ တရုတ် အာဏာပိုင်တွေက အရင်က ပြောဆိုထားတာပါ။
ဒါက တရုတ် အစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ ပြည်တွင်း ကုမ္ပဏီတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဆီ မလွှဲပြောင်းရအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဘေဂျင်းက AI နည်းပညာဟာ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးပြီး အထိခိုက်မခံ နိုင်တဲ့ ကဏ္ဍ ဖြစ်တယ်လို့ ရှုမြင်ထားပြီး နည်းပညာနဲ့ အရည်အချင်းတွေ ပြည်ပသို့ မရောက်ရှိအောင် ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။
ဥပဒေသစ်တွေအရ အထိအခိုက် မခံနိုင်တဲ့ ကဏ္ဍတွေရဲ့ အရည်အချင်းတွေကို နယ်စပ်ဖြတ်ကျော် လွှဲပြောင်းပေးဖို့အတွက် ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။
Manus က Meta ရဲ့ ဝယ်ယူမှု မတိုင်ခင် သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ လုပ်ငန်းတွေကို စင်ကာပူသို့ ကြိုတင် ရွှေ့ပြောင်းထားခဲ့တဲ့ လုပ်ရပ်မျိုးကို ကာကွယ်တားဆီးဖို့ ဘေဂျင်းက အခုလို ဥပဒေ အသစ်တွေ ထုတ်ပြန်တာ ဖြစ်ပုံရ ပါတယ်။
ဥပဒေသစ်တွေ အရ ပြည်ပသို့ တင်ပို့မှု တားမြစ်ထားတဲ့ ကုန်စည်တွေ၊ နည်းပညာတွေ၊ ဝန်ဆောင်မှုတွေနဲ့ ဆက်စပ် အချက်အလက်တွေကို တရုတ် နယ်စပ်ထက်ကျော်လွန် ပို့ဆောင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။
Ref:Asahi

