ကျိုက္ခမီ၊ ဇွန် ၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ အာဏာသိမ်း စစ်အစိုးရ လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဒေသခံ တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက် ည ၁၁ နာရီ ဝန်းကျင်ခန့်က ကျိုက္ခမီမြို့ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက တစ်ရပ်ကွက်တည်းနေ ကိုဖြိုးမင်းခိုင်နဲ့ အချင်းများရာမှ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ကိုဖြိုးမင်းခိုင်ရဲ့ဇနီး ဖြစ်သူက မေ ၃၀ ရက်မှသာ ကျိုက္ခမီ ရဲစခန်းမှာ လာရောက် တိုင်ကြားခဲ့တာပါ။

တိုင်ကြားသူ ကိုဖြိုးမင်းခိုင်ရဲ့ဇနီး ဖြစ်သူ မဖြိုးဖြိုးစံရဲ့ ပြောဆိုချက်အရ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကိုဖြိုးမင်းခိုင်မှာ ဝဲဘက် ခြေသလုံး ကျည်ရှပ်ထိ ဒဏ်ရာ ၂ ချက်နဲ့ ဝဲဘက် ခြေသလုံး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး မစိုးရိမ်ရ အခြေအနေနဲ့ ကျိုက္ခမီ တိုက်နယ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ ကိုဖြိုးမင်းခိုင်ကလည်း ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းကို အချင်းများရာကနေ ဓားနဲ့ပြန်လည် ခုခံခဲ့တာကြောင့် ကျိုက္ခမီ ရဲစခန်းမှာ နှစ်ဖက် အပြန်အလှန် အမှုဖွင့် တိုင်ကြားမှု ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုဖြိုးမင်းခိုင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းကို ကျိုက္ခမီ နယ်မြေ ရဲစခန်းက (ပ) ၂၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၄ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်အောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းကို ဓားနဲ့ ပြန်လည် ခုခံတဲ့ ကိုဖြိုးမင်းခိုင်ကိုလည်း ကျိုက္ခမီ နယ်မြေရဲစခန်းက (ပ) ၁၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ နဲ့ အမှုဖွင့်ကာ တရားရုံးကို တင်ပို့ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.