နေပြည်တော်၊ ဇွန် ၁

စစ်အစိုးရက ပြန်လည်ဖွဲ့စည်းတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau – NSB) မှာ အာဏာသိမ်း သမ္မတက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတော့ ဒုဥက္ကဋ္ဌ ၂ အဖြစ် အဆင့်လျှော့ချလိုက်ပါတယ်။

မြန်မာနိုင်ငံပြန်တမ်းရဲ့ ဖော်ပြချက်အရ သမ္မတ အပါအဝင် တပ်ချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေပါဝင်တဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ စစ်အစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးက ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့ထားတာပါ။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ ဖွဲ့စည်းခဲ့တုန်းက အမျိုးသားလုံခြုံရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တပ်ချုပ်ကို တာဝန်ပေးထားပေမယ့် ဦးမင်းအောင်လှိုင် သမ္မတ ဖြစ်လာချိန်မှာတော့ နေရာပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ပြန်လည်ဖွဲ့စည်းထားတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့မှာ ဦးမင်းအောင်လှိုင်က သမ္မတရာထူးနဲ့ ဥက္ကဋ္ဌနေရာယူပြီး ဒုသမ္မတ ၁ က ဒုဥက္ကဋ္ဌ ၁ နဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဒုဥက္ကဋ္ဌ ၂ အဖြစ် နံပါတ် ၃ နေရာ ပေးထားတာ ဖြစ်ပါတယ်။

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ကတော့ အတွင်းရေးမှူးအဖြစ် တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဒုတပ်ချုပ်၊ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာစတဲ့ ဌာနက ပြည်ထောင်စုဝန်ကြီးတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးတွေကိုလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာပါ။

လုပ်ငန်းတာဝန်တွေထဲမှာတော့ ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထားပြီး နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးဌာနတွေ ပေါင်းစပ်ကာ အမျိုးသားလုံခြုံရေးတာဝန်တွေကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကလည်း သမ္မတနဲ့ သမ္မတရုံးတို့ကို လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေ အကြုံပြုနိုင်ဖို့ဆိုပြီး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းကို ခန့်အပ်တာဝန်ပေးထားတာပါ။

CDM တပ်အသိုင်းအဝိုင်းကတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို တမင်ဖန်တီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို သမ္မတကနေ ဩဇာလွှမ်းမိုးလို့ရတဲ့ အနေအထားမျိုး လုပ်လာတာလို့ သုံးသပ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.