ဘားအံ ဇွန် ၂
ကရင်ပြည်နယ် ဖာပွန်-ကမမောင်းလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးနဲ့ ဖာပွန်စစ်ဗျူဟာဆီ စစ်ကူပေးပို့နိုင်ရေး စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းတွေကို KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့က တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရှိရပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်-ကမမောင်းလမ်းမှာ ပြီးခဲ့တဲ့ ဧပြီလကုန် မေလအစောပိုင်းက စစ်ကော်မရှင်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က အင်အား ၂ ထောင်ခန့်နဲ့ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။
ဖာပွန်-ကမမောင်းလမ်းက ဝါးဒူးကျေးရွာကတစ်ဆင့် စစ်တပ်နဲ့ BGF ပူးပေါင်းတပ်တို့က စစ်ကြောင်းအသီးသီးဖြန့်ခွဲပြီး စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာခဲ့ရာမှာ KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ နေ့စဉ် ရက်ဆက်ရှိနေတာပါ။
ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ကမမောင်းမြို့ကနေ တက်လာတဲ့ စစ်ကော်မရှင်တပ် BGF ပူးပေါင်းစစ်ကြောင်းတို့ဟာ ကတိုင်တိဒေသမရောက်ခင် မော်လိုကလိုးရွာအထက်နားမှာ ရောက်ရှိနေတာဖြစ်ပြီး KNLA တပ်မဟာ ၅ နဲ့ တော်လှန်ရေးအင်အားစုတို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကော်မရှင်တပ်က သေဆုံးထိခိုက်မှုနဲ့ ဒဏ်ရာရရှိမှု များပြားနေတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က ထိခိုက်သူတွေကို လာပို့တာတွေ့နေရပြီး တိုက်ပွဲနေ့တိုင်းဖြစ်နေလို့ BGF က စစ်တပ်ကို လိုက်ပို့ပေးနေရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်က အခုရက်ပိုင်းအတွင်း ကမမောင်းမြို့မှာ အင်အားဖြည့်တင်းမှုတွေ ထပ်မံလုပ်ဆောင်လာနေပြီး ဖြည့်တင်းလာတဲ့ စစ်အင်အားတွေကို ဖာပွန်-ကမမောင်းလမ်းမှာ ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ တစ်ဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ဖိတ်ခေါ်နေတဲ့ တချိန်တည်းမှာပဲ KNU ထိန်းချုပ်နယ်မြေတွေကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေတာပါ။
ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဒေသ ဖာပွန်-ကမမောင်းလမ်းနဲ့ မြဝတီခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မင်းလက်ပံ၊ ဖလူးဒေသတွေမှာ စစ်တပ်က လေကြောင်း လက်နက်ကြီး ဒရုန်းပစ်ကူရယူကာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းကနေပြီး စေလွှတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

