ရေး၊ မေ ၂၉

တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်အစိုးရ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်အစိုးရဟာ အခုမေလအတွင်း ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှာ စက်တပ်လေထီးတွေအပါအဝင် ဒရုန်း အများအပြား ပို့ဆောင်ထားပါတယ်။

တဖက်မှာလည်း စစ်အစိုးရဟာ ရေးမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နိုင်ဖို့အတွက် ဝေဟင်ကင်းထောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တွေကတော့ စစ်အစိုးရဟာ မိုးတွင်းကာလအတွင်း ရေးမြို့နယ်မှာ မြေပြင်ထိုးစစ်ထက် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကလည်း စစ်အစိုးရဟာ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ရဲ့ စခန်းဌာနချုပ်ကို အချိန် နာရီဝက်နီးပါးအကြာ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ်။

စစ်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ဆယ်နဲ့ချီ သေဆုံးထားပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ စခန်းဌာနချုပ်ရှိ အဆောက်အဦး အများအပြား ပျက်စီးဆုံးရှုံးထားပါတယ်။

ရေးဘီလူးအဖွဲ့ရဲ့ ဌာနချုပ်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုဟာ ရေးမြို့နယ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် သတိပေးမှု ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်မှာ မွန်၊ကရင်လူမျိုး ကိုယ်စားပြု တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ တပ်ဖွဲ့ ၁၅ ဖွဲ့ထက်မနည်း စစ်ရေးလှုပ်ရှားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.