မော်လမြိုင် ၊ မေ ၂၈

နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ဖို့ ခရီးမပေါက်သေးတဲ့ စစ်အစိုးရက အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းပြီး အလုပ်မဖြစ်ခဲ့တဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး ဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံတော်အနေနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်‌ရေးအတွက် လုပ်ဆောင်မယ့် ဦးစားပေးလုပ်ငန်းတွေ အ‌ကောင်အထည်ဖော်နိုင်မှုကို ကြီးကြပ်နိုင်ဖို့ အဲဒီဦးဆောင်ကော်မတီကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။

လုပ်ငန်းတာဝန်တွေထဲမှာ ဖွံဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်တွေအလိုက် ဦးစားပေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်မှုကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ၆ လ တစ်ကြိမ် တိုးတက်မှုအခြေအနေကို နိုင်ငံတော်သမ္မတထံ အစီရင်ခံတင်ပြရမယ်လို့ ဦးဆောင်ကော်မတီရဲ့ လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းထားကြောင်း မေ ၂၂ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားတာပါ။

ပြည်သူတစ်ဦးက ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံက‌နေ လွတ်မြောက်ဖို့ဟာ ပြည်တွင်းမှာ ဘယ်လောက်တည်ငြိမ်လဲဆိုတဲ့အပေါ် မူတည်ပြီး နိုင်ငံတကာက လက်ခံနိုင်တဲ့ အစိုးရဖြစ်လာရင် ကော်မတီဖွဲ့နေစရာမလိုဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံကနေ လွတ်မြောက်ဖို့ဆိုတာ ကော်မတီဖွဲ့နေလို့ မရဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာ ဘယ်လောက် ငြိမ်းချမ်းလဲ ဘယ်လောက် စိတ်ချရပြီလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ နိုင်ငံတကာကနေပြီးတော့ လက်ခံနိုင်တဲ့ အစိုးရတစ်ခုဖြစ်လာရင်တော့ ဒါက ဖွဲ့စည်းစရာမလိုဘူး။ သူ့အလိုလို ဖွံ့ဖြိုးသွားမှာပေါ့။ အဓိက ကျွန်တော်တို့က အာဆီယံအသိုင်းအဝိုင်းထဲမှာ နေနေရတဲ့အတွက် ကျွန်တော်တို့ နိုင်ငံကနေ တက်တဲ့ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမယ်ဆိုရင် ဘယ်လိုပဲပြောပြော ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်ဆိုရင် အထိုက်အလျောက် သူ့ဟာသူ ဖွံ့ဖြိုးသွားမယ်။ကော်မတီက ဘာမှ လုပ်ပေးလို့ မရဘူး။ဒါက ကျွန်တော်တို့အမြင် စာရွက်ပေါ်မှာ ဖွဲ့စည်းတဲ့ဟာ အပိုအလုပ်ပဲလို့ မြင်တယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအစိုးရနှစ်ဆက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး လူမှုရေး စတဲ့ ကဏ္ဍပေါင်းစုံဟာ ဆုတ်ယုတ်လာနေတာပါ။

ရွေး‌ကောက်ပွဲမဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ ကောင်စီဝင်တွေ အကျိုးစီးပွားဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ကြပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီနဲ့ စစ်ကော်မရှင်ရဲ့ စီမံခန့်ခွဲမှု အလွဲတွေ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ မူဝါဒရေးရာကျရှုံးမှုတွေကြောင့် မြန်မာ့စီးပွားရေးဟာ ကျဆင်းလာခဲ့ပြီး အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံစားခဲ့ကြရပါတယ်။

ဒီအခြေအနေမှာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး ဦးဆောင်ကော်မတီကို စစ်ကောင်စီနဲ့ စစ်ကော်မရှင်ရဲ့ ဥက္ကဌနဲ့ ယာယီသမ္မတအဖြစ် ကိုယ်တိုင်ခန့်အပ်ထားတဲ့ ဦးမင်းအောင်လှိုင်က အသွင်အမျိုးမျိုးပြောင်းပြီး ဖွဲ့စည်းခဲ့တာပါ။

ဒါပေမယ့် အဲဒီကော်မတီဟာ အာဏာသိမ်းမှုအတွင်း ကောင်းမွန်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်တာ မရှိခဲ့သလို မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ သပိတ်မှောက်မှုတွေကို လက်ရှိ စစ်အစိုးရအထိ ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

နောက်ထပ် ပြည်သူတစ်ဦးကလည်း အုပ်ချုပ်သူတွေဟာ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာ မဟုတ်ဘဲ စစ်အုပ်စုနဲ့ အပေါင်းအပါတွေအတွက်သာ လုပ်နေတာကြောင့် ပြည်သူတွေ အစအစအရာရာ ကျပ်တည်းနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့အရာမှန်သမျှ သူတို့ ခရိုနီတွေနဲ့ သူတို့ရဲ့ ပါတနာတွေနဲ့ သူတို့ အုပ်စုတွေပဲ ကြီးပွားချမ်းသာပြီး သူတို့ပဲ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်နေတဲ့ သဘောမျိုး သက်ရောက်နေတယ်။ ကျေးရွာဖွံ့ဖြိုးတာလည်း မရှိဘူး။ရပ်ကွက် ဖွံ့ဖြိုးတာလည်း မရှိဘူး။မြို့နယ် ဖွံ့ဖြိုးတာလည်း မရှိဘူး။ လူတွေကလည်း ကြာလေ ကြပ်လေ ကြာလေ ကြပ်လေဆိုတော့ ဘယ်လို အဆင်ပြေမလဲ။ ကုန်ဈေးနှုန်းလည်း မြင့် အစစအရာရာ အကုန်လုံး သွားရေးလာရေးကအစ ကျပ်တည်းနေတယ်။ဘာမှ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး”လို့ ဆိုပါတယ်။

Economist Intelligence Unit (EIU) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေးဟာ လာမယ့် ၂၀၃၀ ပြည့်နှစ်အထိ COVID-19 ကပ်ရောဂါနဲ့ အာဏာမသိမ်းမီက အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ရုန်းကန်နေရဦးမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က အသိပေးခဲ့ပါတယ်။

တစ်ဘက်မှာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအကျပ်အတည်းတွေကြောင့် ပြည်တွင်းပြည်ပ နေရပ်စွန့်ခွာသူ ၅ ဒသမ ၃ သန်းအထိ ရှိနေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

ဒီအခြေအနေမှာ အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရက အာဏာသိမ်းမှုအတွင်း ပြည်သူတွေကို ချုပ်နှောင်ဖို့ လက်နက်သဖွယ် အသုံးချခဲ့တဲ့ နိုင်ငံရေးပုဒ်မတွေကိုလည်း ပြန်လည်ပယ်ဖျက်ခြင်း မရှိသေးပါဘူး။

အထူးသဖြင့် လွှတ်တော်မခေါ်ခင် အသစ်ပြဋ္ဌာန်းခဲ့တဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေတွေက ပြည်သူ့လုံခြုံရေးကို ကန့်သတ်ထားတဲ့ သာဓကတွေ ဖြစ်တယ်လို့ ISP-Myanmar က အသိပေးထုတ်ပြန်ထားတာပါ။

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ ဖယ်ကျဉ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ တိုင်းပြည်မှာ စစ်အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ လုပ်‌ဆောင်ချက်တွေ လုပ်ဖို့ လိုတယ်လို့ ပြည်သူတစ်ဦးက အခုလို ထောက်ပြပါတယ်။

“လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေဆိုရင် အာဆီယံကလည်း ‌တောင်းဆိုတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်။သူတို့ တောင်းဆိုထားတဲ့ နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ လူတွေ လွှတ်ပေးရမယ်။ ပြီးတော့ကျရင် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ရမယ်။ ဒီဒါတွေ လုပ်ပေးမှပဲ ဒီဟာက (နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ) ပြေလျော့သွားမယ်လို့ ထင်တာပေါ့နော်”လို့ ဆိုပါတယ်။

စစ်အစိုးရက ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးဆောင်ကော်မတီမှာ ဒုသမ္မတ ၁ က ဥက္ကဌဖြစ်ပြီး ဝန်ကြီးဌာန ၂၀ ကျော်က ပြည်ထောင်စုဝန်ကြီးတွေကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းကာ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်ကနေ ချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် Smooth Transition Strategy ကို ရေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ပြီးနောက်ပိုင်းမှာ ချောမွေ့စွာ အ‌ကောင်အထည်ဖော်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်တွေနဲ့ အကူအညီတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ဦးဆောင်‌ကော်မတီကို အထောက်အကူပြုစေဖို့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းတာနဲ့ လိုအပ်ရင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းသွားမယ်လို့ စစ်အစိုးရရဲ့ နိုင်ငံတော်သမ္မတရုံးကနေ ထုတ်ပြန်ထားတာပါ။

ဒီလိုမျိုး လုပ်ငန်းတာဝန်တွေ ပေးထားပေမယ့် စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်မှာတော့ အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ပျက်စီးနေတဲ့ တိုင်းပြည်စီးပွားရေးကို အလျင်အမြန် ပြန်လည်နာလန်ထူလာစေဖို့ ခိုင်မာတဲ့ စီးပွားရေးမူဝါဒတွေ အစီအစဉ်တွေ မတွေ့ရပါဘူး။

အထူးသဖြင့် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အဆင်ပြေလာအောင် ကုစားပေးနိုင်မယ့် စီမံကိန်းတွေ မပါဝင်သလို စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာရှိမယ့် အခင်းအကျင်းမျိုးနဲ့ ဖြေလျှော့ပေးတာမျိုးတွေလည်း ပါဝင်ခြင်း မရှိဘူးလို့ ISP-Myanmar က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.