မော်လမြိုင် ၊ မေ ၃၀
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမှိုက်ကား နှစ်ရက်ကျော်မလာရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် အကြောင်းကြားနိုင်တယ်ဆိုတဲ့ စည်ပင်သာယာရေးအဖွဲရဲ့ ပြောဆိုမှုဟာ လက်တွေ့မဆန်ဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့က မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှာ ပြုလုပ်တဲ့ မြို့ရွာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး လူထုစကားဝိုင်းမှာ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသန့်စင်ညိမ်းက အမှိုက်ကားကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ခံ တစ်ဦးကတော့ အမှိုက်ကားတွေဟာ တစ်ပတ်မှာ တစ်ရက်သာ လာပြီး မလာတဲ့ရက်တွေတောင် ရှိတာကြောင့် အုပ်ချုပ်ရေးမှူးတွေကတဆင့် အကြောင်းကြားခိုင်းတာဟာ လူကြားကောင်းအောင် ပြောဆိုမှုဖြစ်တယ်လို့ ဝေဖန်တာပါ။
“တစ်ပတ်မှာ တစ်ရက်ပဲ လာတယ်။တစ်ရက်လည်း တစ်ခါတလေ ကျရင် မမှန်ဘူး။ အကြောင်းကြားတော့ ခင်ဗျားတို့ ကလည်း နည်းနည်းဖြစ်ရင် ချီးကသေးကအစ အုပ်ချုပ်ရေးမှူးကို ခင်ဗျားတို့က လျှောက်ပြောနေတယ်တို့ ဘာတို့ အဟောက်ပါ ခံရသေးတယ်။သူတို့က အပြောပဲ ရှိတာလေ။ အခုလည်း ဒီလိုပဲ လူကြား ကောင်းအောင် ပြောနေတာ။ ဘာတစ်ခုမှ သူတို့ပြောတဲ့အတိုင်း အကောင်အထည် ဖော်တာ တစ်ခုမှ မရှိသေးဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်ပတ် တစ်ခါသာ လာတဲ့ စည်ပင်အမှိုက်သိမ်းကားတွေကလည်း သူတို့ကို ပိုက်ဆံပိုပေးတဲ့ သူတွေရဲ့ အမှိုက်တွေ လောက်သာ သယ်ပေးပြီး ကျန်တဲ့သူတွေကိုတော့ အမှိုက်ကား ပြည့်သွားပြီးဆိုတဲ့ အကြောင်းပြချက်နဲ့ သယ်ပေးတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးသန့်စင်ညိမ်းကတော့ အမှိုက်သိမ်းလုပ်ငန်းကို အမှိုက်သိမ်းကား ၂၂ စီး၊ အမှိုက်သိမ်း လုပ်သား ၁၅၁ ဦးနဲ့ လုပ်ဆောင်နေရတာ ဖြစ်ပြီး အမှိုက်သိမ်းကား ၆ စီး ပျက်နေတယ်လို့ ပြောပါတယ်။
အမှိုက်သိမ်းကားတွေ ပျက်နေတာကြောင့် ရပ်ကွက်တစ်ခုကို တစ်ရက်ခြား တစ်ခါ အမှိုက်သိမ်းယာဉ် ၂ စီးနဲ့ အမှိုက်သိမ်း လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ပြောပေမယ့် မြေပြင်မှာတော့ သတ်မှတ်ရက် မရှိဘဲ လာချင်တဲ့အချိန် လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းဝန်းကျင်ရှိတဲ့ မော်လမြိုင်မြို့မှာ စည်ပင် အမှိုက်သိမ်း လုပ်သား အရေအတွက်နဲ့ အချိုးချပါက စည်ပင်အမှိုက်သိမ်း လုပ်သား တစ်ဦးဟာ လူပေါင်း ၂၀၀၀ ဝန်းကျင်ရဲ့ အမှိုက်တွေကို သိမ်းနေရတာ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ အခွန်အများဆုံးရရှိနေတဲ့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မော်လမြိုင်မြို့မှာ အမှိုက်သိမ်း လုပ်သားတွေ ထပ်မခန့်တာ၊ စည်ပင်အမှိုက်သိမ်းကားတွေ ထပ်တိုးမဝယ်ယူဘဲ စည်ပင်သာယာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်နေမှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ရှိနေပါတယ်။
နိုင်ငံတကာအပါအဝင် ဒေသတွင်း နိုင်ငံတွေမှာတော့ စည်ပင် အမှိုက်သိမ်း ဝန်ထမ်းတစ်ဦးနဲ့အကူတစ်ဦးဟာ နေ့စဉ် လူဦးရေ ၁၀၀၀ ရဲ့ အမှိုက်သိမ်းဆည်းမှုတွေ ဆောင်ရွက်နေတယ်လို့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

