မော်လမြိုင်၊ မေ ၂၈
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ စစ်မှုထမ်းအတွက် ဥပဒေမဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက တစ်စုံတစ်ရာ ထောက်ပြဝေဖန်တာ မတွေ့ရသေးပါဘူး။
စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းတွေ လစဉ် ဖွင့်လှစ်နိုင်ဖို့အတွက် ဒေသတွင်းက လူငယ်တွေကို ဥပဒေမဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အထူးသဖြင့် အလုပ်သွားအလုပ်ပြန်သူတွေ၊ ခရီးသွားလာသူတွေ၊ ပညာသင်ကြားနေသူတွေ၊ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးပြုနေတဲ့ လူငယ်တွေကအစ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။
စစ်မှုထမ်း ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်တောင် တင်ပြခွင့်မရဘဲ တစ်ခါတည်း စစ်တပ်ရဲ့ စစ်သားစုဆောင်ရေးတပ်တွေထံ ချက်ချင်းပို့ဆောင်ခံရတဲ့ ဖြစ်စဉ်တွေ ဒုနဲ့ဒေး ရှိနေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့တဲ့ မွန်ဒေသခံ သုံးဦးကတော့ ဥပဒေမဲ့ စစ်မှုထမ်း ဖမ်းဆီးမှုတွေကို လွှတ်တော်အမတ်တွေ နှုတ်ဆိတ်နေတာဟာ ရွေးကောက်ခံ အမတ် အမည်ခံပြီး စစ်တပ်ကို ကြောက်နေရတဲ့သူတွေလို့ ဝေဖန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။
အခန်း ၈ ခန်း၊ ပုဒ်မ ၃၃ ခု၊ ပုဒ်မခွဲ ၇၉ ခု ပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေဟာ စစ်မှုထမ်း လျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို ဥပဒေနဲ့အညီ လျှောက်ထားနိုင်ပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၁၅(က)အရ ပညာသင်ကြားနေသူတွေ၊ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးပြုနေသူတွေဟာ စစ်မှုထမ်းဆောင်ရမယ့် တာဝန်မှ ရွှေ့ဆိုင်းနိုင်တယ်လို့ ပြဌာန်ထားပါတယ်။
ဒါပေမယ့် အာဏာသိမ်း စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေက နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေအရ အကျိုးခံစားခွင့် တစ်စုံတစ်ရာ လျှောက်ထားခွင့်မရဘဲ ဥပဒေမဲ့ စစ်မှုထမ်း တပ်သားစုဆောင်းခံနေရပါတယ်။
မွန်လူငယ် တစ်ဦးကလည်း ဥပဒေမဲ့ စစ်မှုထမ်း ဖမ်းဆီးမှုတွေကို မွန်အမတ်တွေ လွှတ်တော်မှာ သတ္တိရှိရှိ မေးခွန်းမေးမြန်းတာ ဒါမှမဟုတ် အဆိုတင်သွင်းတာတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က မွန်ပြည်နယ်ရဲ့ စစ်တပ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ ဒေသတွင်းရှိ လူငယ် ၅၂၀၀ ထက်မနည်း စစ်သားစုဆောင်ခံထားရပါတယ်။
အာဏာသိမ်း စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာတော့ လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်သူတွေဟာ မိမိဆန္ဒအလျှောက် သင်တန်းတက်ဖို့ အမည်စာရင်း လာရောက်ပေးပို့သူတွေဖြစ်တယ်လို့ လိမ်လည်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

