ဘီးလင်း၊ မေ ၂၈
စစ်ကူစစ်ကြောင်း ရောက်ရှိလာတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်ဆက်လက် စစ်ဆိုင်ထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘီးလင်းအခြေစိုက် ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အချိန်တစ်လကျော်အကြာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းနဲ့အပြင်းအထန် ခုခံပြီး မြေပြင်ကနေလည်း စစ်ကူစစ်ကြောင်းတွေ အဆက်မပြတ် ပို့ဆောင်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်မှု ယာယီရပ်နားခဲ့ပါတယ်။
ဒါပေမယ့် ဝင်းတာပန်စခန်းကို မေ ၂၈ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ပိတ်ဆို့ထားပြီး ဒရုန်းအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်တုံ့ပြန်တာတွေ ရှိနေပါတယ်။
ဝင်းတာပန်စခန်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်ဆက်လက် စစ်ဆိုင်ထားတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
အင်အား ၁၀၀ ကျော် အခြေချတပ်စွဲထားတဲ့ ဝင်းတာပန်စခန်းဟာ အာဏာသိမ်း စစ်တပ်အတွက် စစ်ရေးအရ အရေးပါတဲ့ စစ်စခန်းတစ်ခုဖြစ်လည်း ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ဝင်းတာပန်းစခန်း မကျရေးအတွက် နေ့စဉ်နဲ့အမျှ လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးထားပါတယ်။
လေးကေနဲ့ဝင်းတာပန် စခန်းသိမ်း တိုက်ပွဲတွေကြောင့် လေးက၊ ဝင်းတာပန်၊ မင်းစောကျေးရွာအပါအဝင် ကျေးရွာ ၁၈ ရွာက ဒေသခံ ၁၃,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလ ကျရောက်လာတာကြောင့် အစားအသောက်၊ အမိုးအကာအပါအဝင် ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

