ဘီးလင်း၊ မေ ၂၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မြို့ခံ လူငယ် တစ်ဦးဟာ စစ်တပ်ရဲ့ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘီးလင်းမြို့ “ထွန်းထွန်း”ကားပစ္စည်းရောင်းဝယ်ရေးဆိုင်က အသက် ၂၅ နှစ်အရွယ် ကိုထွန်းထွန်းဟာ မနေ့ မေ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်လောက်မှာ သထုံမြို့ကနေ ဘီးလင်းမြို့သို့ ပြန်လာစဉ် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးသွားတာ ဖြစ်ပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ ကိုထွန်းထွန်းဟာ တစ်ဦးတည်းကားမောင်းလာစဉ် မစောတံတားဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ တားဆီးမှုကို မကြားဘဲ မောင်းထွက်သွားမိတယ်လို့ ဆိုပါတယ်။
အဲဒီနောက် မစောတံတားဂိတ်က ဘီးလင်းတိုးဂိတ်ရှိ စစ်တပ်ထံ သတင်းပို့အကြောင်းကြားခဲ့တဲ့အတွက် တိုးဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့တွေက ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီးမှာ အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ အချက်အရေ အမြောက်အမြား ပစ်ခတ်ခံလိုက်ရပါတယ်။
သေနတ်နဲ့ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရတာကြောင့် ကိုထွန်းထွန်းဟာ ဦးခေါင်း၊ရင်ဘတ်နဲ့ မျက်နှာတွေမှာ သေနတ်ဒဏ်ရာ အများအပြား ရရှိပြီးနောက် အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အလောင်းကို စစ်ကော်မရှင်တပ်က လမ်းပေါ်မှာ ဒီအတိုင်းပဲ ပစ်ထားခဲ့တဲ့အတွက် မေ ၂၈ ရက်နေ့ မနက်ပိုင်းမှသာ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကောက်ယူသွားပြီး ဘီးလင်းပြည်သူ့ဆေးရုံ ရင်ခွဲရုံထံ ပို့ဆောင်ထားပါတယ်။
ဒီပစ်ခတ်မှုကို ဘီးလင်းတိုးဂိတ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုပ်ဆောင်တာလို့ လိမ်လည် သတင်းကြေးနန်း ပေးပို့ထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

