မြဝတီ၊ မေ ၂၉
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မေ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်း-မြန်မာနှစ်နိုင်ငံက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနယ်စပ်ဂိတ်ကနေ ထွက်ခွာလာတဲ့ ထိုင်းကုန်ကားနှစ်စီးခဟာ မြန်မာနယ်စပ်ဂိတ်ဘက်ကို ဖြတ်သန်းဝင်ရောက်သွားတယ်လို့ ထိုင်းသတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း တိုက်ပွဲတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် စစ်ကော်မရှင်ဘက်က ပိတ်ထားခဲ့တာဖြစ်ပြီး ဒီလိုတံတားပြန်ဖွင့်နိုင်ခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေး ပြန်လည်အားကောင်းနိုင်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေတာပါ။
အမှတ် ၂ ချစ်ကြည်ရေးတံတားမဖွင့်ခင် ပြီးခဲ့တဲ့ ဧပြီလက စစ်ကော်မရှင်က နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အာရှလမ်းကို ပြန်ဖွင့်ပေးခဲ့ပြီး ဒီလိုအာရှလမ်းပြန်ဖွင့်ပေးခဲ့ပေမယ့် ကားခနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းမသွားတဲ့အပြင် ပိုပြီးဈေးတက်လာတယ်လို့လည်း မြဝတီဒေသခံတွေက ဆိုကြပါတယ်။
မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားဟာ ထိုင်း မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကုန်စည်တစ်မျိုးတည်းကိုသာ တရားဝင်ပို့ဆောင်အသုံးပြုနေတာဖြစ်ပြီး တံတားပိတ်ထားရစဉ်ကာလအတွင်း ကုန်သွယ်ရေးအတွက် အောက်လမ်းကနေ နည်းလမ်းအမျိုးမျိုးနဲ့ မှောင်ခိုကူး အသုံးပြုနေခဲ့ရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

