နယူးဒေလီ၊ မေ ၂၇

တရုတ်ရဲ့ ပိုမိုကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်ရေး အင်ဒို-ပစိဖိတ်ဒေသမှာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေး၊ စွမ်းအင်နဲ့ ဆိပ်ကမ်း အခြေခံ အဆောက်အဦတွေ၊ ရေပြင်လုံခြုံရေးတို့တဲ့ ပတ်သက်တဲ့ အစီအစဉ် အသစ်တွေကို Quad အဖွဲ့ ဝန်ကြီးတွေက မေ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရမ်မန်ယမ် ဂျိုင်ရှန်ကာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှိမစ်ဆု မိုတီဂီနဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်းနီဝေါင်တို့ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် Quad အဖွဲ့ရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါက ၂၀၂၄ ခုနှစ် စက်တင်ဘာ နောက်ပိုင်း Quad အဖွဲ့ရဲ့ တတိယမြောက် အဲဒီလို တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပြီးနောက် ပြောကြားရာမှာ ဝန်ကြီး ရူဘီယိုက ဒေသတဝှမ်း အချိန်နဲ့တပြေးညီ သတင်းအချက်အလက် ဝေမျှမှု အားကောင်းလာစေရေး၊ အဖွဲ့ဝင် လေးနိုင်ငံရဲ့ စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်များ ပေါင်းစည်းရေး အင်ဒို -ပစိဖိတ် ရေပြင် စောင့်ကြည့်ရေး အစီအစဉ် အသစ်ကို ကြေညာပါတယ်။

Quad အဖွဲ့အနေနဲ့ ပစိဖိတ်ကျွန်းတွေမှာ ဆိပ်ကမ်း အဆောက်အဦတွေ အဆင့်တိုးမြှင့်ရေး ဖီဂျီနဲ့အတူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ရူဘီယိုက ပြောပါတယ်။

ဒါက ပထမဆုံး ဒေသဆိုင်ရာ အခြေခံ အဆောက်အဦ ပူးတွဲ စီမံကိန်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ လောင်စာနဲ့ စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်တွေ အားကောင်းလာစေဖို့ ရည်ရွယ်တဲ့ အင်ဒို-ပစိဖိတ် စွမ်းအင် ဖူလုံရေး အစီအစဉ် တစ်ရပ်ကိုလည်း အဖွဲ့ဝန်ကြီးတွေက မိတ်ဆက်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ Quad အဖွဲ့ လောင်စာ ဖူလုံရေး ညီလာခံ တစ်ရပ်ကို အခုလ နောက်ပိုင်းမှာ လက်ခံ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီး ရူဘီယိုက ပြောပါတယ်။

ဒီလက်တွဲမှုကို မိမိတို့က လေးလေးနက်နက် ကတိထားပြီးနိုင်ငံတစ်ခုအဖြစ် မိမိတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာ အုပ်မြစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

အရေးကြီးတဲ့ သတ္တုဓာတ်များဆိုင်ရာ မူဘောင်နဲ့ပတ်သက်တဲ့ အစီအစဉ် တစ်ရပ် စတင်ဖို့လည်း မိမိတို့ အဖွဲ့ သဘောတူညီခဲ့တယ်လို့လည်း သူက ပြောပါတယ်။

တရုတ်က သံတမန်ရေး အငြင်းပွားပြီးနောက် လေကြောင်း၊ ကာကွယ်ရေးနဲ့ လျှပ်တပိုင်းကူးပစ္စည်း လုပ်ငန်းနယ်ပယ်တွေမှာ သုံးတဲ့ အရေးကြီး သတ္တု တချို့ ဂျပန်ဆီသို့ တင်ပို့မှုကို ရပ်ဆိုင်ထားတာကြောင့် ဒီအစီအစဉ်က တိုကျိုအတွက် အရေးပါမှာ ဖြစ်ပါတယ်။

သီးခြားအနေနဲ့ အိန္ဒိယနဲ့ အမေရိကန်တို့က အရေးကြီးတဲ့ သတ္တုများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး သဘောတူညီမှု တစ်ရပ် လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

တရုတ်ကြီးစိုးထားတဲ့ ထောက်ပံ့မှုအပေါ် မှီခိုအားကိုးနေရတာနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှု ပိုများလာချိန်မှာ အခုလို သဘောတူညီမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Quad အဖွဲ့ဟာ အင်ဒို -ပစိဖိတ် ဒေသမှာ တရုတ်က သူတို့ရဲ့ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို တိုးချဲ့နေချိန် Quad ဟာ ဒေသဆိုင်ရာ ဗျူဟာ၊ ထောက်ပံ့ရေး ကွင်းဆက်တွေ၊ ရေပြင်လုံခြုံရေးတို့နဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိက ဗျူဟာမြောက် လက်တွဲဆောင်ရွက်ရေး အဖွဲ့ ဖြစ်ပါတယ်။

Ref:Asahi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.