ဆိုးလ်၊ မေ ၂၇
မြောက်ကိုရီးယားက ခေတ်မီ စစ်လက်နက် နည်းပညာအတွက် ရည်ရွယ်တဲ့ နည်းဗျူဟာမြောက် ရောနှောထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ AI ပဲ့ထိန်း ခရု့ဇ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က မေ ၂၇ရက်မှာ ကြေညာပါတယ်။
အဲဒီ လက်နက်တွေ ပစ်ခတ် စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင် ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။
တာဝေးပစ် အဆင့်မြင့် ပဲ့ထိန်း ဒုံးကျည်တွေနဲ့ နျူကလီးယား လက်နက် စွမ်းပကားတွေ ပိုင်ဆိုင်ထားပြီး ဖြစ်ပေမယ့် မြောက်ကိုရီးယားဟာ သူတို့ရဲ့ နည်းဗျူဟာမြောက်နဲ့ သမရိုးကျ လက်နက်တိုက်ကို အဆက်မပြတ် အဆင့်မြှင့်တင်နေပြီး တောင်ကိုရီးယား နယ်စပ် အနီးမှာ ချထားမယ်လို့ ကြွေးကြော်ထားပါတယ်။
အဲဒီ စမ်းသပ်မှုတွေက နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေမှာ တပ်ဆင်ထားတဲ့ အထူး စစ်ဆင်ရေး လက်နက် ထိပ်ဖူးတွေရဲ့ စွမ်းအားကို လေ့လာတာ ဖြစ်ပြီး တာဝေးပစ် ဘက်စုံသုံး လက်နက်ကြီး စနစ်ရဲ့ ယုံကြည်စိတ်ချရမှု၊ AI ပဲ့ထိန်း ခရု့ဇ် ဒုံးကျည်တွေရဲ့ တိကျမှုတို့ကို စမ်းသပ်တာ ဖြစ်တယ်လို့ KCNA က ဖော်ပြထားပါတယ်။
စမ်းသပ်မှုအရ အဲဒီ လက်နက်တွေနဲ့ အလိုအလျောက် ပစ်လွှတ်ရေး စနစ်တွေဟာ ခေတ်မီ စစ်ပွဲတွေအတွက် လိုအပ်တဲ့ အခြေအနေနဲ့ သင့်တော်တဲ့ အတိုင်းအတာအထိ အဆင့်တိုးမြှင့်ပြီး ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
AI ပဲ့ထိန်း ဒုံးကျည်တွေဟာ ၆၂ မိုင်အကွာရှိ ပစ်မှတ်တွေကို တိကျသေချာစွာ ပစ်ခတ်နိုင်တယ်လို့လည်း ကင်ဂျုံအန်က ပြောပါတယ်။
တောင်ကိုရီးယား မြို့တော် လူနေ သိပ်သည်းတဲ့ ဆိုးလ်မြို့ အလယ်ပိုင်းဟာ အဲဒီ ဒုံးကျည်တွေ ပစ်ခတ် ရောက်ရှိနေတဲ့ အကွာအဝေးအတွင်းမှာ ရှိနေပါတယ်။
မြောက်ကိုရီးယားက AI နည်းပညာသုံးထားတဲ့ ဒရုန်းတွေလည်း တီထွင်ထားပြီး အလိုအလျောက် ပစ်မှတ် မှတ်မိနိုင်တဲ့ စနစ် ပါဝင်ပါတယ်။
မြောက်ကိုရီးယားက ရုရှားကို ဒုံးကျည်တွေ ထောက်ပံ့ပေးထားတာကြောင့် သူတို့ရဲ့ စစ်ရေး နည်းပညာအတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရရှိနေပုံရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။a
Ref:Reuters

