ဘန်ကောက်၊ မေ ၂၇
ထိုင်းနိုင်ငံရှိ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေကို အများ လက်ခံ အသိအမှတ်ပြုရေး လှုပ်ရှားမှု တစ်ခု မကြာခင် စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
ထိုင်းဟာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော်နဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမား ငါးသိန်း လက်ခံထားတဲ့ နိုင်ငံ ဖြစ်ပေမယ့် သူတို့အများစုဟာ အများမမြင်သာဘဲ ရှိနေဆဲ ဖြစ်ပါတယ်။
ဒါက ရုပ်ပိုင်းဆိုင်ရာ ဆင်တူမှုတွေကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် မရှိမဖြစ် အစိတ်အပိုင်း ဖြစ်နေချိန်မှာ လူထုအများစုက အသိအမှတ်ပြုမှု နည်းပါးတဲ့ အချက်ကြောင့်လည်း ဖြစ်ပါတယ်။
သူတို့ဟာ အလုပ်ကြိုးစား လုပ်ကိုင်ကြပေမယ့် ပင်လယ်စာလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွေနဲ့ တခြား လုပ်ငန်းတွေမှာ လုပ်ခလစာ နည်းနည်းနဲ့ အလုပ်လုပ်နေကြရပါတယ်။
သူတို့တွေရဲ့ ထိုင်းစီးပွားရေးမှာ ပါဝင်ကူညီနေမှုကို လူအများ အသိအမှတ် ပြုလာစေရေး သေးသေးမွှားမွှား ဖြစ်ပေမယ့် သိသာတဲ့ ခြေလှမ်း တစ်ရပ်ကို မေ ၃၀ ရက် ဘန်ကောက်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ပါဝင်ကူညီပေးမှုကို နောက်ကျပြီးမှ အသိအမှတ် ပြုမှုအဖြစ် ကြီးမားတဲ့ နံရံ ဆေးရေး ပန်းချီကား တစ်ခုကို ဘန်ကောက်မြို့ရဲ့ လူချမ်းသာ ရပ်ကွက်တွေထဲက တစ်ခုမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
ထုံးလော် ဆွဲ့ ၉ လမ်းနဲ့ ဆွဲ့ ၁၁ လမ်းကြားမှာ ၁၀ မီတာ မြင့်ပြီး ၁၂ မီတာ ကျယ်တဲ့ အဲဒီဆေးရေး ပန်ချီကားကြီးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဇူးရစ်၊ တိုလောက်စ်၊ မာဆေးလ် အပါအဝင် ဥရောပတဝှမ်း အပြင် အိန္ဒိယမှာပါ အတွေ့အကြုံရှိတဲ့ ပါရီမြို့ အခြေစိုက် မြန်မာ အနုပညာရှင် ချူးဝေဦးဆောင်တဲ့ အဖွဲ့က အဲဒီ ပန်းချီကားကို ရေးဆွဲထားတာ ဖြစ်ပါတယ်။
ဘန်ကောက် အခြေစိုက် မြန်မာ အနုပညာရှင် နှစ်ဦးဖြစ်တဲ့ စိုင်းချစ်မင်းနဲ့ ခန့်ဝင်းတို့ကလည်း အဲဒီ အစီအစဉ်မှာ ပါဝင်ကူညီ ပေးထားပါတယ်။
ဒီအစီအစဉ်ကို ဥရောပသမဂ္ဂနဲ့ တခြား လက်တွဲဖက် အဖွဲ့အစည်းတွေက ရန်ပုံငွေ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။
Thonglor House Music Bar and Restaurantရဲ့ နံရံမှာ ဖော်ပြသွားမယ့် ပန်းချီကားကို ပိုင်ရှင် ခွန်ဂျိုင်ယက်က နှစ်နှစ်ကြာ စောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။
စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် ဒေသတွင်း နိုင်ငံတွေ အများကြီးမှာ မြန်မာ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေ ရောက်ရှိနေပေမယ့် အဲဒီအနုပညာရှင်က ဘန်ကောက်မြို့ကို ပိုသဘောကျလို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းဟာ မြန်မာနိုင်ငံက အထောက်အထား ရှိသူတွေရော မရှိတဲ့ အလုပ်သမားတွေကိုပါ လက်ခံထားတာကြောင့် အခုလို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့သူက ပြောပါတယ်။
ထိုင်းမှာ ရှိတဲ့ မြန်မာ စုစုပေါင်း အရေအတွက်ဟာ သုံးသန်းနီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ နံရံ ဆေးရေး ပန်းချီကားမှာ ပါဝင်သူတွေဟာ အနုပညာရှင်တွေကိုယ်တိုင် တွေ့ဆုံခဲ့တဲ့ သူတွေ ဖြစ်ပြီး သူတို့ရဲ့ ထိုင်းနိုင်ငံအတွက် လုပ်အားနဲ့ ကူညီပေးနေပုံကို ပုံဖော်ရေးဆွဲထားတာ ဖြစ်ပါတယ်။
ထိုင်းမှာ ကမ္ဘောဒီးယားနဲ့ နယ်စပ် ပြဿနာ ကြုံပြီးနောက်မှာ နိုင်ငံခြားသား မုန်းတီးမှုတွေ ပိုများလာခဲ့ပြီး ကမ္ဘောဒီးယား အလုပ်သမား အတော်များများ မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြ ပါတယ်။
လေ့လာမှု တစ်ရပ်မှာ ထိုင်းရောက် မြန်မာတွေရဲ့ ငွေသုံးစွဲမှု မြင့်တက်လာနေပေမယ့် ပြည်တွင်း လုပ်ငန်းတွေက အခြေအနေကို အသုံးမချတတ် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
Ref:Khaosodenglish

