ဘန်ကောက်၊ မေ ၂၆
ထိုင်းမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား လေးသန်းရဲ့ နှစ်စဉ် စားသုံးမှု တန်ဖိုး ဘတ် ၂၂၁ ဘီလီယံ ရှိနေပေမယ့် ပြည်တွင်းလုပ်ငန်းတွေ အများကြီး အကြည့်လက်လွတ်ဖြစ်နေတယ်လို့ လေ့လာမှု တစ်ရပ်က ဖော်ပြထားပါတယ်။
ထိုင်းကုမ္ပဏီတွေ အများကြီးဟာ ခေတ်နောက်ကျနေပြီ ဖြစ်တဲ့ သမရိုးကျ ပုံစံတွေကြောင့် ဒီအခွင့်အရေးကို လက်လွှတ်နေရတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။
အလုပ်ကြမ်း သမားတွေကနေ အားကျစရာကောင်းတဲ့ စားသုံးသူတွေရဲ့ သိသာတဲ့ ဝယ်လိုအား တိုးတက်မှုအထိ အခြေအနေ ဆင့်ကဲ ပြောင်းလဲလာမှုကို ထိုင်းကုမ္ပဏီတွေ အသိအမှတ်ပြုဖို့ ပျက်ကွက်နေပါတယ်။
ဒီ မြန်မာနိုင်ငံသားတွေရဲ့ ငွေသုံးစွဲမှုဟာ အစားအစာနဲ့ ယမကာတွေ၊ နေရာထိုင်ခင်းတွေနဲ့ ပို့ဆောင်ရေးလို အဓိက ကဏ္ဍတွေမှာ အများဆုံး သုံးနေတာ ဖြစ်တာကြောင့် သူတို့ဟာ ပြည်တွင်း လက်လီ ရောင်းချမှုတွေအတွက် အရေးကြီးတဲ့ အင်ဂျင် တစ်လုံးလို ဖြစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အောင်မြင်ဖို့အတွက် ထိုင်းလုပ်ငန်းတွေ အနေနဲ့ ရိုးရိုးရှင်းရှင်း ဈေးနှုန်း ပြိုင်ဆိုင်မှုတွေ ဘာသာပြန်ထားတဲ့ ကြော်ငြာတွေ ထက်ကျော်လွန်ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ နားလည် သဘောပေါက်မှုနဲ့ လူမှုအသိုင်းအဝိုင်း ယုံကြည်မှု တည်ဆောက်ရေးကို အရင်းခံတဲ့ ဗျူဟာတွေအပေါ် အာရုံစိုက်သင့်တယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ တဝှမ်း အစဉ်အလာ စားသုံးသူ အုပ်စုထဲမှာ မြန်မာနိုင်ငံသားတွေရဲ့ စားသုံးမှု သိသိသာသာ ပိုများလာပါတယ်။
ထိုင်းနိုင်ငံရှိ ၂၀၂၆ မြန်မာ ဈေးကွက်လို့ ခေါင်းစဉ်တပ်ထားတဲ့ ဈေးကွက် လေ့လာမှု အသစ်က မြန်မာနိုင်ငံသားတွေရဲ့ နှစ်စဉ် ငွေသုံးစွဲမှု ပမာဏဟာ ဘတ်၂၂၁ ဘီလီယံ ကျော်လွန်နေပြီလို့ ဖော်ပြထားပါတယ်။
အဲဒီ လေ့လာမှုကို အတိုင်ပင်ခံ လုပ်ငန်း Happio က လေ့လာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့တရားဝင် စီးပွားရေးအတွင်း သူတို့ရဲ့ ဘဏ္ဍာငွေ စီးဆင်း လည်ပတ်မှု မကြုံစဖူး မြင့်တက်လာတာ ဖြစ်ပါတယ်။
အဲဒီ သုံးစွဲမှု ပမာဏဟာ ထိုင်းနိုင်ငံထဲရှိ မြန်မာ အသိုင်းအဝိုင်း စုစုပေါင်း ရရှိနေတဲ့ ဝင်ငွေ ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။
ထိုင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ ငွေသုံးစွဲမှုဟာ ယမကာအတွက် အများဆုံးဖြစ်ပြီး နေရာထိုင်ခင်းအတွက် သုံးစွဲမှု ဒုတိယအများဆုံး ဖြစ်တယ်လို့ လေ့လာမှုက ဖော်ပြထား ပါတယ်။
အဲဒီနောက်မှာတော့ သယ်ယူပို့ဆောင်ရေးနဲ့ ပုဂ္ဂိုလ် စောင့်ရှောက်မှုအတွက် အသုံးစရိတ်တွေ အသီးအသီး မြင့်တက်လာတာ ဖြစ်ပါတယ်။
Ref:The Nation Thailand

