ဆိုးလ်၊ မေ ၂၆

တောင်ကိုရီးယားက သူတို့ရဲ့ ပထမဆုံး နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို၂၀၃၀ ပြည့်နှစ် အလယ်ပိုင်းမှာ မိတ်ဆက်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အရာရှိတွေက မေ ၂၆ ရက်မှာ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောက ပစ်လွှတ်မယ့် နျူကလီးယားနဲ့ ဒုံးကျည် အန္တရာယ်တွေကို တားဆီးရေး ရည်ရွယ်တဲ့ စီမံကိန်းအသစ် တစ်ခုအရ အဲဒီလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

ဆိုးလ်က နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း နိုင်ငံများ အုပ်စုမှာ ပါဝင်နိုင်ရေး ကြိုးပမ်းနေတာ ကြာပြီ ဖြစ်ပါတယ်။

အဲဒီ လုပ်ရပ်ကြောင့် အာရှရဲ့ လုံခြုံရေး အသွင်အပြင်ကို ပြန်လည် ပုံသွင်းမှု ဖြစ်လာနိုင်ပြီး ရေအောက် လက်နက် ယှဉ်ပြိုင်မှုတွေ အရှိန်မြင့်တက်လာနိုင်ပါတယ်။

အားကောင်းတဲ့ တောင်ကိုရီးယား- အမေရိကန် မဟာမိတ်ဖွဲ့မှုရဲ့ အခြေခံ အချက်တွေအရ တည်ဆောက်သွားမယ့် အဲဒီ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ မိမိတို့ ဆန္ဒရဲ့ သင်္ကေတ ဖြစ်ပြီး ကိုရီးယား ကျွန်းစွယ်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်မှာ ဖြစ်တယ်လို့ သမ္မတ လီဂျေးမြောင်က နိုင်ငံရဲ့ အနာဂတ် ကာကွယ်ရေး ဗျူဟာကို ဆန်းစစ်နေတဲ့ ကော်မတီ တစ်ရပ်ကို ပြောဆိုပါတယ်။

အဲဒီ ရေငုပ်သင်္ဘောအတွက် သန့်စင်မှု အဆင့်နိမ့်တဲ့ ယူရေနီယံတွေ အသုံးပြုသွားမှာ ဖြစ်ပြီး တောင်ကိုရီးယားမှာ တည်ဆောက်သွားမှာ တည်ဆောက်သွားမှာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အန်း ဂျူဘက်က ပြောပါတယ်။

တောင်ကိုရီးယားအနေနဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေးအတွက် အခြေခံ အစီအစဉ်တွေကို သူက ချပြထားပါတယ်။

အဲဒီ စီမံကိန်းကို တောင်ကိုရီးယားရဲ့ နျူကလီးယား၊ သင်္ဘော တည်ဆောက်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်း နယ်ပယ်တွေအပေါ် မူတည် ရေးဆွဲသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ နျူကလီးယား လက်နက်တွေ ဝယ်ယူဖို့ သို့မဟုတ် ထုတ်လုပ်ဖို့ ကြိုးပမ်းမှာ မဟုတ်ဘူးဆိုတဲ့ ကတိကို ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.