ကွာလာလမ်ပူ၊ မေ ၂၆
ကွာလာလမ်ပူမြို့ရှိ ဟိုတယ် တစ်ခုမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ကျင်းပတဲ့ လိင်သူစုံမက်သူတွေရဲ့ ပါတီနဲ့ ဆက်စပ်တဲ့ မေ ၂၄ ရက်က စီးနင်းမှုတွေအတွင်း လူ ၅၁ ဦးကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အရပ်ဖက်ဥပဒေတွေနဲ့အတူ မွတ်စလင်တွေအတွက် အစ္စလာမ်မစ် ဥပဒေတွေကိုပါ အသုံးပြုနေတဲ့ မွတ်စလင်ကိုးကွယ်သူ အများစု နေထိုင်ရာ မလေးရှားနိုင်ငံမှာ လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
လိင်တူဆက်ဆံမှု အပြုအမူတွေနဲ့ ကျား/မ မကွဲ ဝတ်ဆင်မှုတွေကိုလည်း ရှာရီယာ ဥပဒေအရ တားမြစ်ထားပြီး ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
သီးခြား စီးနင်းမှု လေးခုအတွင်း နိုင်ငံခြားသား ၂၈ ဦး အပါအဝင် အသက် ၂၁ နှစ်နဲ့ ၅၂ နှစ် အရွယ်ကြား အမျိုးသားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မူးယစ်ဆေးဝါး စုံစမ်း စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဟူစိန် အိုမာ ခန်းက မေ ၂၅ ရက် ညနေပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုစုပေါင်း ရင်းဂစ် ၁၀၃၀၇၀ (ကန်ဒေါ်လာ ၂၆၀၂၁) တန်ဖိုးရှိ MDMA ဆေးတွေ၊ စိတ်ကြွဆေးတွေ၊ ဆေးမှုန့်တွေနဲ့ကေခေါ် ကက်တမင်းဆေးကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ညွှန်ကြားရေးမှူး ဟူစိန် က ပြောပါတယ်။
အဲဒီအုပ်စုဟာ ဖျော်ဖြေရေး၊ မူးယစ်ဆေးဝါး သုံးစွဲရေး အဆင့်မြင့် ဟိုတယ်တွေက အခန်းတွေကို အသုံးပြုနေတာ တွေ့ရပြီး လူ့ကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူတွေမှာ ပါဝင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ဟူစိန်က ပြောပါတယ်။
အဲဒီ ဖြစ်ရပ်တွေကို အန္တရာယ်ရှိတဲ့ ဆေးဝါးများဆိုင်ရာ အက်ဥပဒေအရ စုံစမ်း စစ်ဆေးနေတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
စီးနင်းမှု မတိုင်ခင် အဲဒီ အုပ်စုထဲမှာ ပါဝင်တယ်လို့ ယုံကြည်ရသူ တစ်ယောက်ကို ဟိုတယ်ဧည့်ခန်းထဲမှာ သတိလစ်နေတဲ့ အနေအထားနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ကွာလာလမ်ပူမြို့ ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဆေးရုံသို့ ရောက်ချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ဟူစိန်က ပြောပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်း အသေးစိတ်ကို သူက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေချိန်မှာ ဖမ်းဆီးထားသူတွေကို ရမ္မာန် ၃ ရက်ကနေ ၆ ရက်အထိ ဆက်လက် ဖမ်းဆီးထားမှာ ဖြစ်ပါတယ်။
သူတို့ထဲက ၃၆ ယောက်ဟာ မူးယစ်ဆေး သုံးထားကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ ဟူစိန်က ပြောပါတယ်။
မလေးရှားမှာ LGBT အဖွဲ့ဝင်တွေဟာ ဝေဖန် စစ်ကြောမှုတွေ ပိုများလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သူတို့ အပေါ်သည်းမခံနိုင်သူတွေ များလာတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။
Ref:Reuters

