ဂျေရုစလင်၊ မေ ၂၆
ဟစ်ဇဘိုလာ အဖွဲ့ကို အစ္စရေးက အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားပြီးနောက် အစ္စရေး စစ်တပ်က လက်ဘနွန်မှာ နိုင်ငံတဝှမ်း တိုက်ခိုက်မှုတွေ စတင်လိုက်ပါတယ်။
လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းရှိ ဘက်ကာအာ တောင်ကြားနဲ့ တခြားဒေသတွေမှာ ဟစ်ဇဘိုလာ အဖွဲ့ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဟစ်ဇဘိုလာ အဖွဲ့က ဒရုန်းတွေ၊ ဒုံးကျည် ၂၂ လုံးနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ အစ္စရေး စစ်သားတွေ၊ သံချပ်ကာကားတွေ၊ စစ်စခန်းတွေနဲ့ အဆောက်အဦတွေ ပါဝင်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။
အခုလ စောစောပိုင်းမှာ လက်ဘနွန်နဲ့ အစ္စရေးတို့ အပစ်အခတ်ရပ်စဲမှုကို ၄၅ ရက် သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။
မေ ၂၅ ရက် ညနေပိုင်းက ဗီဒီယို ကြေညာချက် တစ်ရပ်မှာ ဝန်ကြီးချုပ် နေတန်ညာဟုက အစ္စရေးဟာ ဟစ်ဇဘိုလာအဖွဲ့နဲ့ စစ်ခင်းခဲ့ပြီး သူတို့ကို ပြင်းပြင်းထန်ထန် ချေမှုန်းရေး စစ်တပ်အား ပြောဆိုထားတယ်လို့ ပြောခဲ့တာပါ။
ဟစ်ဇဘိုလာအဖွဲ့ကို အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ၆၀၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ နေတန်ညာဟုက ပြောပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ အခုလိုအပ်နေတာက တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဖို့ ဖြစ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ဖြစ်ပါတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။
လက်ယာစွန်း အစ္စရေး ဝန်ကြီး နှစ်ဦး ဖြစ်တဲ့ ဘဗဇာလဲလ် စမော့ထရစ်ချ်နဲ့ အီတာမာ ဘန်ဂျီဗာတို့က ဘေရွတ်မြို့ထဲကို တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်ရေး အစီအစဉ်တွေ တိုးချဲ့ဖို့ တိုက်တွန်းထားကြပါတယ်။
လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးမြောက်ပိုင်းကို မေ ၂၅ ရက်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်းနဲ့ အပစ်အခတ်ရပ်စဲမှုကို အစ္စရေး ချိုးဖောက်တဲ့အတွက် တုံ့ပြန် တိုက်ခိုက်တာလို့ ဟစ်ဇဘိုလာအဖွဲ့က ပြောပါတယ်။
တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့ လက်ဘနွန်နဲ့ အစ္စရေးရဲ့ အရာရှိတွေဟာ လာမယ့် သီတင်းပတ် ဝါရှင်တန်မှာ နောက်ထပ် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။
လက်ဘနွန် သမ္မတ ဂျိုးဆက် အေယွန်က နိုင်ငံတောင်ပိုင်းကနေ အစ္စရေးတပ် အားလုံး အပြီးတိုင် ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။
ဧပြီ ၁၆ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးပြီး နောက်ပိုင်းး လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက အဓိက တိုက်ခိုက်ခဲ့ပြီး အစ္စရေးတပ်တွေ အဲဒီမှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။
မေ ၂၅ ရက် ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရတဲ့ ဘက်ကာအာတောင်ကြားဟာ လက်ဘနွန် အရှေ့ပိုင်းမှာ ရှိပြီး ဆီးရီးယား နယ်စပ်နဲ့ နီးပါတယ်။
အီရန် အစိုးရက အမေရိကန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ရယူမယ်ဆိုရင် ဒေသဆိုင်ရာ စစ်ပွဲအတွင်း မျက်နှာစာ အားလုံးမှာ လုံးဝ အပစ်အခတ် ရပ်စဲမှု ပါဝင်သင့်တယ်လို့ တောင်းဆိုထားချိန် အစ္စရေးက တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဟစ်ဇဘိုလာ အဖွဲ့ကို တိုက်ခိုက်နေမှုတွေ အဆုံးသတ်ရေး အစ္စရေး အစိုးရအပေါ် ကန့်ကွက်မှုတွေ ရှိနေပါတယ်။
လက်ဘနွန်နဲ့ ကနဦး အပစ်အခတ်ရပ်စဲမှု သဘောတူပြီး နောက်ပိုင်း အစ္စရေး စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီကာလအတွင်းမှာပဲ အစ္စရေးရဲ့ ကြီးကြီးမားမား ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဆေးဖက်ဆိုင်ရာနဲ့ အရေးပေါ် အလုပ်သမားတွေလည်း ပါဝင်ပါတယ်။
Ref:BBC

