လောင်းချန်း၊ မေ ၂၆
အလုပ်သမား ၇ ဦး ပိတ်မိနေတဲ့ လာအိုနိုင်ငံက ရွှေမိုင်းတွင်း လိုဏ်ဂူထဲမှာ ရေလွှမ်းနေပြီး နောက်ထပ် ရေတွေ ဝင်ရောက်လာနေတာကြောင့် ထိုင်း ကယ်ဆယ်ရေးသမားတွေ အလျင်အမြန် ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။
အခုအချိန်မှာ အသက်ရှင်သူတွေ ခိုလှုံနေနိုင်တဲ့ နေရာကို ရေတွေရောက်ရှိဖို့ မီတာ ၃၀ လောက်ပဲ လိုတော့တာကြောင့် ကယ်ဆယ်ရေး အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မိုးသည်းထန်မှုကြောင့် အဲဒီ လိုဏ်ခေါင်းထဲ ရေတွေ အလျင်အမြန် ဝင်ရောက်လာပြီး ဝင်ပေါက် ပိတ်သွားတာကြောင့် ဆိုင်ဆွမ်ဘွမ်ပြည်နယ် လောင်းချန်းဒေသရှိ အဲဒီ အမျိုးသား ၇ ဦးဟာ မေ ၁၉ ရက်ကတည်းက ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
လာအို အာဏာပိုင်တွေက အကူအညီ ပေးဖို့ တရားဝင် တောင်းဆိုလာတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထိုင်း ကယ်ဆယ်ရေးသမားတွေ ပူးပေါင်း ပါဝင်နေတာ ဖြစ်ပါတယ်။
ထိုင်း ကယ်ဆယ်ရေးလုပ်သားတွေနဲ့ စေတနာ ဝန်ထမ်း ၂၆ ဦးဟာ နွမ်ခိုင်ဒေသက လာအိုသို့ သွားရောက်ပြီးနောက် လာအို အရာရှိတွေ စီစဉ်ပေးတဲ့ ရဟတ်ယာဉ်နဲ့ အဲဒီ အလှမ်းဝေးတဲ့ နေရာ အနီးသို့ ရောက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွင်း အွန်လိုင်းမှာ နာမည်ကြီးတဲ့ ထိုင်း ကယ်ဆယ်ရေးလုပ်သား ဂျက်ကရစ် တန်တန်းလည်း ပါဝင်ပြီး သူက လိုဏ်ဂူထဲမှာ အရမ်းခက်ခဲတဲ့ အခြေအနေတွေကို ဗီဒီယို ရိုက်ပြထားပါတယ်။
အဲဒီ ပုံရိပ်တွေမှာ ရွှံ့ထူပြီး ကျဉ်းမြောင်းတဲ့ လမ်းကြောင်းထဲမှာ ကယ်ဆယ်ရေးသမားတွေဟာ အမှောင်ထဲ ကယ်ဆယ်ရေး မီးတွေလောက်ကိုပဲ သုံးပြီး တစ်ဦးချင်း တွားပြီး သွားလာနေရတာကို မြင်တွေ့ရပါတယ်။
အထဲမှာ ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် ပိတ်မိနေတဲ့ အလုပ်သမားတွေဟာ ပိုမြင့်တဲ့ နေရာဆီ ပြောင်းရွှေ့သွားကြပြီလို့ မိမိတို့ ကယ်ဆယ်ရေးအဖွဲ့က ယုံကြည်ထားကြောင်း ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် ကန်ကိုင် ဘွန်ကွေဝမ်က ပြောပါတယ်။
အသက်ရှင်ကျန်သူတွေ အကူအညီရရှိဖို့ စောင့်ဆိုင်းနေတဲ့ နေရာကိုရောက်ရှိနိုင်ဖို့ မီတာ ၃၀ လောက် လိုသေးတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
မိုးဆက်လက် ရွာသွန်းနေတာကြောင့် ကယ်ဆယ်ရေး လုပ်သားတွေအတွက် အခက်အခဲတွေ ရှိနေပြီး လိုဏ်ဂူထဲမှာ အောက်စီဂျင် ပမာဏနည်းနေသလို ရေမျက်နှာပြင်ကလည်း မြင့်တက်လာနေပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေး ဆောင်ရွက်နေမှုတွေကို ရပ်တန့်လိုက်ရတာလည်း အကြိမ်ကြိမ်ပဲ ဖြစ်ပါတယ်။
ဒေသဆိုင်ရာ သတင်းတွေအရ ရွာသား ၁၀ ဦးလောက် ရွှေရှာဖို့ အဲဒီ လိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် မိုးသည်းထန်မှုကြောင့် ရေကြီးပြီး ပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမား ၃ ဦး ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ပေမယ့် တခြား ၇ ဦးကတော့ အထဲမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။
Ref:Khaosoad

