ရေး၊ မေ ၂၇
မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ်ကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲသွားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ဒီကနေ့ မေ ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ်ကို Y 12 အပါအဝင် ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ လေကြောင်းကနေ လေးကြိမ်တိုင် ဗုံးကြဲသွားတာ ဖြစ်ပါတယ်။
လေကြောင်းဗုံးကြဲခံရတာကြောင့် ရေးဘီလူးတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး သေဆုံးထားပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိပြီး စခန်းအဆောက်အဦး အများအပြား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်တပ်လော်ဘီတွေကတော့ ဒီလေကြောင်းဗုံးကြဲမှုမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင် သေဆုံးသွားပြီလို့ ဝါဒဖြန့်ရေးသားဖော်ပြတာတွေ လုပ်ဆောင်နေပါတယ်။
ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေကတော့ ဒီလေကြောင်းဗုံးကြဲမှုမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ဟာ စစ်ဆင်ရေးတစ်ခုအတွက် ရှေ့တန်းသို့ ရောက်ရှိနေတာကြောင့် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ် လမိုင်းမြို့မှာ စစ်အစိုးရရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းရာကျော်ကို ပစ်ခတ်လုပ်ကြံသတ်ဖြတ်ထားပါတယ်။
ရေးဘီလူးအဖွဲ့ဟာ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင် တပ်ရင်းတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ စစ်တပ် အရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ရှင်းလင်းနေတာကြောင့် စစ်တပ်လော်ဘီတွေက ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကို ရတဲ့နည်းလမ်းနဲ့ ချေမှုန်းပေးဖို့ အမြဲလို လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
ရေဘီလူးအဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

