မော်လမြိုင် ၊ မေ ၂၇

အပိုင်းလိုက်ရွေးကောက်ပွဲကနေ အစိုးရနဲ့ လွှတ်တော်တွေ ပေါ်လာပေမယ့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှု မရရှိသေးတဲ့ အာဏာသိမ်း စစ်အစိုးရက ပြည်သူတွေရဲ့ ထောက်ခံမှု ရဖို့ ခြေလှမ်းလာနေပါတယ်။

နိုင်ငံ့တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အရပ်သားအသွင်ပြောင်း စစ်အစိုးရက နိုင်ငံတကာနဲ့ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေ ပြောင်းလဲနိုင်ဖို့ ဖြေလျှော့မှုအနည်းငယ် လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံတချို့ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကိုတော့ မတွန်းလှန်နိုင်ခဲ့ပါဘူး။

တစ်ဘက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့ အဓိကဆွေးနွေးဘက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ပြီးခဲ့တဲ့ ဧပြီမှာ ကျင်းပခဲ့တဲ့ ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီနဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးခင်ရီကတော့ နိုင်ငံတော်ကို ပြည်တွင်းပြည်ပက ဝိုင်းဝန်း‌ဝေဖန်တိုက်ခိုက်နေချိန်မှာ လွှတ်တော်ကနေ အကူအညီပေးတာဟာ အကောင်းဆုံးလို့ ထုတ်ပြောခဲ့ပါတယ်။

ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေကို စည်းရုံးဖို့ တာဝန်ရှိသူတွေဖြစ်ပြီး အဲဒီစည်းရုံးမှုတွေဟာ အစိုးရကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ မေ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒီအပေါ် ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက စစ်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ပိုပြီး ရရှိနိုင်မယ်ဆိုရင် တရားဝင်မှုရဖို့ လမ်းကြောင်း ဖြစ်နိုင်တယ်ဆိုတဲ့ စဉ်းစားချက်လို့ သုံးသပ်ပါတယ်။

“တစ်ဘက်မှာ သူတို့ ထပ်လိုတာက ပြည်သူ့ထောက်ခံမှုပေါ့လေ။ ဆိုတော့ ပြည်သူ့ထောက်ခံမှုကို ဒီထက်ပိုပြီး ရနိုင်မယ်ဆိုရင်တော့ တရားဝင်မှု ရဖို့ လမ်းကြောင်း ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး သူတို့ စဉ်းစားတာပေါ့။ အဲဒါကြောင့် မို့လို့ပဲ ခင်ရီကနေပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတာပေါ့လေ။ ပြည်သူတွေကို စည်းရုံးပေါ့၊ စည်းရုံးပြီးလို့ရှိရင် အစိုးရကို အထောက်အပံ့ဖြစ်ဖို့ စည်းရုံးဖို့ လိုတယ်ဆိုတာမျိုး ပြောတာပေါ့”လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရကို ထောက်ပံ့ပေးဖို့ထက် အဓိက ပြည်သူတွေရဲ့ လိုလားချက်နဲ့ ကိုယ်စားပြုမှုကို ရယူကာ ပြည်သူ့အသံကို လွှတ်တော်မှာ တင်ပြပြီး အစိုးရကို အ‌ကောင်အထည်ဖော်ခိုင်းဖို့ ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ဦးခင်ရီကတော့ လွှတ်တော်ဟာ အစိုးရနဲ့ ပြည်သူကြားက ဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားဖြစ်တာကြောင့် ပြည်သူ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်သွားကြဖို့ ပါတီဝင်တွေကို ပြောကြားထားတာပါ။

ဒါ့အပြင် ပါတီတာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူလူထုနဲ့ တွေ့ဆုံပြီး ပြည်သူတွေရဲ့ ဆန္ဒနဲ့ လိုအပ်ချက်တွေကို လွှတ်တော်ကိုယ်စားများရုံးတွေမှာ ပေးပို့ဆောင်ရွက်သွားကြဖို့နဲ့ အကောင်အထည်ဖော်ပေးကြဖို့ သူက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကြံ့ခိုင်ရေးပါတီနဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အခက်အခဲတွေကို လာရောက်တင်ပြဆွေးနွေးပြီး ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ အပြိုင်အဆိုင် ဖွင့်လှစ်လာနေပါတယ်။

လာမယ့် ဇွန်လဆန်းကစပြီး စစ်အစိုးရရဲ့ သက်ဆိုင်ရာ လွှတ်တော်အလိုက် တတိယကြိမ် ဒုတိယပုံမှန်အစည်းအဝေးတွေ စတင်ခေါ်ယူသွားဖို့ ရှိနေပြီး အဲဒီအစည်းအ‌ဝေးမှာ မေးခွန်းမေးမြန်းတာနဲ့ အဆိုတင်သွင်းတာတွေ ရှိမယ်လို့ ကိုယ်စားလှယ်တချို့က ထုတ်ပြောထားတာပါ။

နိုင်ပီတာကတော့ ပြည်သူလူထုကို ကိုယ်စားပြုပြီး ပြည်သူ့အကျိုးအတွက် လွှတ်တော်ထဲ ‌ရောက်လာသူဟာ မရှိသလောက်ရှားတာမို့ ပြည်သူအတွက် သိပ်မျှော်လင့်စရာမရှိဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“တကယ့်တကယ် ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူအတွက် အကျိုးပြုဖို့ လွှတ်တော်ထဲ ရောက်လာတဲ့သူဆိုတာက မရှိသလောက်ရှားမယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလွှတ်တော်ထဲမှာလည်း စစ်ရာဇဝတ်ကောင်တွေ ရှိနေတယ်။ပြီးတော့ အကျိုးစီးပွားဖက်စပ်ဆက်စပ်တဲ့သူတွေ ရှိနေတာပေါ့လေ။ ဒီလူတွေကနေပြီးတော့ ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ ဥပဒေပြုနိုင်ဖို့ဆိုတဲ့ဟာက သိပ်တော့ မျှော်လင့်စရာတော့ မရှိဘူးပေါ့လေ”လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးပမ်းတဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်တွေရဲ့ ဥက္ကဌအများစုနဲ့ ကော်မတီဥက္ကဌတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးပါတီကသာ ကြီးစိုးနေတာပါ။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ရေးရာကော်မတီ လေးခုစီနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပူးပေါင်းကော်မတီ သုံးခု ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မတီတွေကို ဦးဆောင်မယ့် ဥက္ကဋ္ဌ ၁၁ နေရာထဲက ခုနစ်နေရာကို စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေက နေရာယူထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး လွှတ်တော်ရေးရာကော်မတီတွေကို ဦးဆောင်မယ့် ဥက္ကဋ္ဌနေရာ အများစုမှာ ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေ နေရာရလာတာက လွှတ်တော်ကို ထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်နေကြောင်း ပေါ်လွင်စေတဲ့ အထောက်အထားတရပ် ဖြစ်တယ်လို့ ISP-Myanmar က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.